CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅၈ သန်းရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မကြာခင် ကျင်းပတော့မည် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် ညှိနှိုင်းရေးအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အာဆီယံအနေဖြင့် ကနေဒါနိုင်ငံ၏ ဆဋ္ဌမအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်လျက်ရှိပြီး ကနေဒါမှာ အာဆီယံ၏ (၁၅)နိုင်ငံမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ် ကြောင်း သိရသည်။
ထို့နောက် ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၏ လက်ရှိ ကုန်သွယ်ဖက်နိုင်ငံများထဲတွင် အဆင့် (၂၆)တွင် ရှိကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ခန့်ရှိကြောင်း၊ ကနေဒါနိုင်ငံသည် မြန်မာ နိုင်ငံ၌ လက်ရှိ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၅၈ သန်းရှိကြောင်း၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများ အနက် အဆင့်(၁၆)တွင် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော် ပြ ထားသည်။