၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ်ထွက် ကယု(ကမာ)ကောင်များ စားသုံးမှုများပြားလာခြင်းကြောင့် ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်မှု ယခင်က ထက် ပိုမိုများပြားလာကြောင်း ရခိုင်ပြည်နယ်ထွက် ကမာများကို ရန်ကုန်တွင် ပြန်လည်ရောင်းချနေသူ ကိုအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်ထွက် ကယု(ကမာ)ကောင်များကို ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း စသည့်မြို့နယ်များတွင် ရေငုပ်၍ ဖမ်းဆီးကြ ကြောင်း၊ ထိုမှတဆင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချကြကြောင်း သိရသည်

၎င်းက“ပိုပြီးတော့ ဝင်ရောက်လာတယ်ဆိုတာ ဟုတ်တယ်ဗျ။ ဝယ်သူ မှာသူ များတယ်ဗျ။ ပထမက ဘယ်လိုပြောမလဲဆိုတော့ အသားမရှိဘူး၊ မကြိုက်တဲ့သူတွေက အသားပြန်ပြည့်လာတဲ့ အခါကျတော့ ဝယ်တဲ့သူ များလာတယ်။ ကျနော်က လက်လီ မရောင်းဘူးဗျ လက္ကား(ဈေး)ပေးတာဆိုတော့လေ။ ဘယ်လောက်လောက် ကွာခြားသွားလို့ရှိရင် အရင်တုန်းက စီးပွားရေးကြောင့် ဒုတိယကိုဗစ်လှိုင်း ဘာညာအတိုင်းအတာမှာတုန်းက လူတွေက အဲလောက်ထိ ဝယ်ယူစားနိုင်မှုလည်း သိပ်ပြီးတော့ အဆင်မပြေကြဘူးလေ။ အဲတုန်းက ကျနော်က တစ်ဦးတည်းကိုပဲ ပို့ပေးတာလေ။ အဲအခါကျတော့ တစ်ရေတစ်ရေ တက်လာ လို့ရှိရင် အလုံး ၄၀၀/၅၀၀ ဒီလောက်ပဲ ထွက်တာဗျ။ အခုဆိုလို့ရှိရင် ဒီတစ်ပတ်မှာ ကမာတစ်အိတ်မှာဆိုရင် အလုံး ၇၀၊ ၁၀၀၊ ၁၅၀ ပါတယ်ဗျ။ ဒီတစ်ပတ်မှာဆိုရင် အိတ်ရေ ၃၀၊ ၄၀ ကျော်ပါတယ်ဗျ။ အဲဒါဆိုရင် အလုံးရေ တွက်ကြည့်မယ်ဆိုရင် ပျမ်းမျှ အလုံး ရေ ၃၀၀၀ လောက် ပါတယ်ဗျ”ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ထွက် ကယု(ကမာ)ကောင်များ ရန်ကုန်ဈေးကွက်တွင် ဝယ်ယူမှု များပြားလာသော်လည်း ရခိုင်ပြည် နယ်ဘက်မှ ကယု(ကမာ)ကောင်များကို လိုအပ်သလောက် ဈေးကွက်ထဲသို့ တင်ပို့ပေးနိုင်မှု မရှိဘဲဖြစ်နေကြောင်း ကိုအောင်မျိုးက ပြောသည်။

ပုံ-ကမာကောင်များ ရှာဖွေရရှိစဉ်။

၎င်းက “ပစ္စည်းက မပေးနိုင်ဘူးဆိုတာ ဟုတ်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ရေတစ်ရေ(ရေတက်ခြင်း) တက်မှ ၃ ရက် ၄ ရက်လောက် ရေကြည်တဲ့အချိန်ကိုမှ သူတို့တွေက ငုပ်ရတာဗျ။ အဲလိုအတိုင်းအတာတော့ ရှိတယ်။ ကျနော်ကလည်း ၃ ဦး လောက်ပဲနဲ့ လုပ်လို့။ ကျနော်လည်း ဆက်ဖြန့်မယ်ဆိုရင် ပစ္စည်းက မလောက်ဘူးဗျ။ ဒီဒိုင်တစ်ဒိုင်ကို မေးလိုက်ရင် ကမာ ၅ အိတ်ပေးမယ်။ နောက်ဒိုင်တစ်ဒိုင်ကို မေးလိုက်တဲ့အခါမှာ ကမာ ၃ အိတ်ပေးမယ်။ ဟိုက ၅ အိတ်။ အောက်ကို မှာတဲ့အခါ ဒီက သွားငုပ်တာ ၁၀ အိတ်စာပဲ ရတယ်ဆိုရင် မျှပြီး ပေးရတယ်ဗျ။ အဲအခါကျရင် ဒီလောက်ယူသွား အဲလိုဖြစ်တယ်ဗျ” ဟု CNI သို့ ပြောသည်။

ကယု (ကမာ)ကောင် များကို အကောင်လိုက် ရောင်းချမှု ရှိသလို အသားခွာပြီးသား ရောင်းချမှုများလည်းရှိကြောင်း၊ တစ် ကောင်လျှင် ၉၀၀ ကနေ ၁၅၀၀ ကြား ပေါက်ဈေးရှိနေကြောင်း၊ လက်ရှိတွင် ရခိုင်မှထွက်ရှိသည့် ကမာကောင်များကို ပြည်တွင်း၌သာ ရောင်းချနေပြီး နိုင်ငံခြားသို့ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် ရခိုင်တွင် ကမာကောင်များကို ပင်လယ်ပြင်၌ ရေငုပ်၍ ဖမ်းဆီးမှုသာ ရှိနေပြီး စီးပွားဖြစ်အနေဖြင့် မွေးမြူသည့် လုပ်ငန်းကို ကျောက်ဖြူမြို့နယ်ရှိ ဦးခင်အေးမောင် တစ်ဦးတည်းသာ ရှိသေးကြောင်း ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာန ထံမှ သိရသည်။

လက်ရှိတွင် မိမိထံ ကမာကောင်များ လာရောက်ဝယ်ယူမှုရှိကြောင်း၊ သို့သော် ကမာကောင်များ အသားတက်သည့် အချိန် မဟုတ်သည့်အတွက် ပို့ပေးခြင်း မရှိသေးကြောင်း ဦးခင်အေးမောင်က ပြောသည်။

၎င်းက “အမှာကတော့ အခု ဦးလေးဆီကို စားသုံးသူတွေကတော့ အကုန်မှာနေကြပြီ။ ဦးလေးက အသားမရှိသေးလို့ အပြင်က အခွံပဲ ရှိနေသေးတာ။ အတွင်းမှာ အသားက ဒီအချိန် မရှိဘူး။ အဲဒါကြောင့် ဦးလေးက မပို့ပေးသေးတာ။ သူတို့က အတင်း မှာနေကြတယ်။ ကမာကတော့ လားရှိုးတို့ အကုန်လုံးကတော့ မှာတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစားသုံးသူ အကုန် မှာတယ်။ ရခိုင်မှာလည်းပဲ စားသုံးသူရှိတယ်။ မြန်မာနိုင်ငံထဲမှာကို ကမာက လိုသလောက် မရှိ ဖြစ်နေတာ။”  ဟု ပြောသည်။

ကယု(ကမာ)မွေးမြူရေးမှာ ရခိုင်ပြည်နယ် နေရာဒေသအားလုံးတွင် လုပ်ကိုင်၍ရသည့် လုပ်ငန်းတစ်မျိုးဖြစ်ပြီး ၂ နှစ်ခန့် မွေးမြူလျှင် ဈေးကွက်၌ ရောင်းချ၍ရကြောင်း သိရသည်။