၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆
ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်ကူးပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာ သည့် စက်လှေသမား ၁၁ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သော်လည်း ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို မရပ်နားဘဲ ပုံမှန်အတိုင်း ကုန်သွယ်မှုပြုလုပ်နေကြောင်း သိရသည်။
တဘက်နိုင်ငံမှ ကုန်ကူးပြီးပြန်လာသည့် စက်လှေသမားများသည် ထိုစက်လှေပေါ်တွင်သာ ကွာရန်တင်း ၇ ရက် ဝင်ရကာ ထို ကာလအတွင်း အာခေါင်တို့ဖတ်နမူနာ နှစ်ကြိမ်ယူပြီး ကိုဗစ်ပိုး ရှိ၊ မရှိစစ်ဆေးကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သို့ ပြောသည်။
“မပိတ်ပါဘူး။ လက်ရှိသွားနေပါတယ်။ လက်ရှိအချိန်ကတော့ နယ်စပ်ကုန်သွယ်ရေးက စစ်ထားတာ အယောက် ၂၀၀၊ ၃၀၀ လောက် ရှိလောက်ပြီထင်တယ်။ ဒါပေမယ့် အဲဒီထဲမှာမှ အဲ့နေ့တစ်နေ့တည်းမှာပဲတွေ့တယ်ဆိုတဲ့ အနေအထားရှိပါတယ်။ ကျန်တဲ့ နေ့တိုင်းနီးပါးလောက် တစ်ပတ်မှာ အနည်းဆုံး ၃ ရက်ကနေ ၅ ရက်လောက် အထိ စစ်နေရတဲ့ အနေ အထားပါ။ ကြားထဲမှာဘာမှမတွေ့ဘူးဖြစ်နေတယ်။ မတွေ့တဲ့အတွက် လက်ရှိအချိန်ထိ ကတော့ ထိန်းချုပ်လို့ ရနိုင်သေးတယ်။ ထိန်းချုပ်နိုင်သေးတယ်ဆိုတဲ့အနေအထားတော့ရှိတယ်။ ပိတ်မယ် မပိတ်ဘူးကတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့လူကြီးတွေအပေါ်မှာပဲ မူတည်ပါတယ်”ဟု ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကုန်ကူးသန်းရန်အတွက် ထွက်ရှိမည့်လှေပေါ်တွင် လိုက်ပါမည့် စက်လှေသမားများကို ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူများကိုသာ လိုက်ပါခွင့်ပြုခြင်းဖြစ်သည့်အတွက် ထို ကိုဗစ်ပိုးတွေ့ရှိသည့် စက်လှေသမား ၁၁ ဦးသည် တဘက်နိုင်ငံမှ ကူးစက်လာခြင်းလား သို့မဟုတ် ပြည်တွင်းမှ ကူးစက်ခြင်းလား သိရှိရန်အတွက် ပြည်နယ်ကျန်းမာရေးဌာနသို့ တင်ပြထားကြောင်းသိရသည်။
လက်ရှိတွင် ကိုဗစ်မျိုးရိုးဗီဇသစ်ဖြစ်သည့် အိုမိုက်ခရွန်သည် အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင်ပါ ကူးစက်ခံ ရမှုများရှိနေသည့်အတွက် မြန်မာနိုင်ငံတွင်လည်း ထိုမျိုးရိုးဗီဇသစ်အား စမ်းသပ်စစ်ဆေးနိုင်ရန် ပြင်ဆင်နေကြာင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
“မျိုးရိုးဗီဇသစ်ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ဖို့လည်း ဒါ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ ဆေး သု တေသနဦးစီးဌာနနဲ့ ဆက်စပ်ဌာနတွေ ညှိနှိုင်းပြီးတော့ ဆောင်ရွက်လျက်ရှိတယ်။ အိန္ဒိယနယ်စပ်က ရခိုင်တော့ မဟုတ်ဘူး။ ရခိုင်ရဲ့နယ်စပ်က ဘင်္ဂလားဒေ့ရှ်ပဲ။ ဆိုတော့ ဘင်္ဂလားဒေ့ရှ်မှာတော့ လောလောဆယ် တွေ့တယ် လို့တော့ သတင်းမရသေးဘူး။ နယ်စပ်ကုန်သွယ်ရေးကလည်း ကုန်သည်လုပ်ငန်းတွေအတွက်က လိုအပ်တဲ့ လမ်း ညွှန်တွေအကုန်လုံး စနစ်တကျထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒါတွေကို တိတိကျကျ လိုက် နာဆောင်ရွက်မယ် ဆိုရင်တော့ ကျနော်တို့ဆီကို ဝင်လာနိုင်ဖို့ မရှိအောင်လို့ ကာကွယ်နိုင်မှာပေါ့။ တကယ်လို့ ကူးစက်ဝင်ရောက်ခဲ့ရင် စောစောစီးစီး သိပြီးတော့ ထိန်းချုပ်ဖို့အတွက်လုပ်ငန်းတွေကို နယ်စပ်ကုန်သွယ်ရေးနဲ့ညှိပြီးတော့ ဆောင်ရွက် ထားပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သို့ ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကိုဗစ်မျိုးရိုးဗီဇသစ်တွေ့ရှိသည့် နိုင်ငံများမှ ရောက်လာသူများအား ကွာရန်တင်း ၁၄ ရက်ဝင်စေပြီး ဓာတ်ခွဲနမူနာ သုံးကြိမ်စစ်ဆေးမည်ဖြစ်ကာ နယ်စပ် ဒေသမှ ပြန်လာသည့် သူများအားလည်း ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆောင်ရွက်ပြီးမှ ပိုးမရှိမှသာ သွားလာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြု လူနာသစ် ၂၈၅ ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။