၂၀၂၁ ဒီဇင်ဘာ ၅
ရခိုင်ပြည်နယ်အတွင်းရှိ လမ်းတံတား ၁၀ ခုတွင် ပြည်နယ်ကောင်စီမှ ဂိတ်ကြေးများ ပြန်လည်ကောက် ခံနေကြောင်း ရခိုင် ဒေသခံများထံမှ သိရသည်။
လမ်းတံတား ဂိတ်ကြေးများကို ပြန်လည် ကောက်ခံနေခြင်းသည် မဖြစ်သင့်ကြောင်းနှင့် လမ်းတံတား ဂိတ်ကြေးများကို အသွားတစ်ကြိမ်၊ အပြန်တစ်ကြိမ် ပေးနေရကြောင်း အမ်းမြို့ဒေသခံ တစ်ဦးဖြစ်သည့် ဦးသန်းချိုက CNI သို့ ပြောသည်။
၎င်းက “အရင်တုန်းကတောင် မကောက်ခဲ့တာ အခုကောက်တာတော့ မဖြစ်သင့်ဘူးပေါ့လေ။ ဒါပေမယ့် ဒီအနေအထားက တော့ လူတွေခက်ခဲ၊ ကျန်းမာရေးကြောင့်၊ တိုက်ပွဲရှောင်တွေလည်း အခုမှ ပြန်လည်ထူထောင်ရုံပဲ ရှိသေးတယ်။ ကိုဗစ်ကြောင့် လည်း စီးပွားရေး ကျဆင်းနေတဲ့အချိန်မှာ ဒီဟာကြီး ပြန်ပြီးတော့ကောက်တော့ အနှောင့်အယှက်တစ်ခု ဖြစ်သွားတာပေါ့။ နောက်ပြီးတော့ ဘာပဲပြောပြော အဝေးပြေးသွားနေတဲ့ ကားတွေကတော့ မတူဘူးပေါ့။ ကျနော်တို့ မြို့ထဲက ကားတွေ မြို့ပြင် အထွက်ရော အဝင်ရော ပေးနေရတာ၊ အဲဒါကြီးက မဖြစ်သင့်ဘူးလေ။ ဟိုအရင်တုန်းက အဲလို မဟုတ်ဘူး။ တစ်ကြောင်းသွား ရင် စာရွက်လေး ပေးလိုက်တယ်လေ။ အဲဒီဟာပဲ အပြန်ကျရင်ပြပြီး ပေးစရာ မလိုတော့ဘူး” ဟု CNI သို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လမ်းတံတားများ အသုံးပြုကြေး ကောက်ခံနေသည့် နေရာများမှာ ကစ္ဆပနဒီတံတား၊ ရာမောင်တံတား၊ မင်းချောင်းတံတားအလွန်မှ ကျောက်တန်းစစ်ဆေးရေးဂိတ် အပါအဝင် ပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့မှ နေရာ ၇ နေရာ ပါဝင်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၌ လမ်းတံတားအသုံးပြုခ ဂိတ်ကြေးများ ကောက်ခံနိုင်ရန် နိုဝင်ဘာလ ပထမအပတ်တွင် ပညာပေးအနေနှင့် စတင်လုပ်ဆောင်ခဲ့ပြီး နိုဝင်ဘာလ ဒုတိယပတ်အတွင်း စတင်ကောက်ခံသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လမ်းဦး စီးဌာနက အစောပိုင်းတွင် ကြေညာခဲ့သည်။
လမ်းတံတားကြေး မပေးပါက ဖြတ်သန်းခွင့်မရသည့်အတွက် ပေးဆောင်ရကြောင်း စစ်တွေမြို့ ရွှေပြည်သစ် ယာဉ်လိုင်းမှ ကိုမိုးက CNI သို့ ပြောသည်။
ပုံ-ရခိုင်ပြည်နယ်က လမ်းတံတားကြေးကောက်နေသည်ကိုတွေ့ရစဉ်(Narinjara.com)
၎င်းက “ကောက်တော့ ကောက်နေပါပြီ ပြန်ပြီးတော့။ ကောက်တာတော့ လဝက်လောက် ရှိနေပြီ။ ကောက်ရင်လည်း ပေးရ တာပါပဲ။ မပေးရင် ဖြတ်လို့မှ မရတာ။ မပေးရင် တံတားပေါ် ဖြတ်ခွင့်မပြုတာ။ အဓိကကတော့ သူတို့မကောက်ရင် မပေး။ ကောက်ရင် ပေးရတာပဲ။ နည်းနည်းလေး ငွေ ၁၀၀၀၀၊ ၂၀၀၀၀ လောက် ပိုကုန်သွားတာပေါ့။ ၅၀၀၀၀ ကုန်တဲ့ နေရာမှာ ၆၀၀၀၀ လောက် ကုန်သွားတာပေါ့။ ကျန်တာတော့ ပြဿနာတော့ မရှိပါဘူး။ နည်းနည်းတော့ ကွာတာပေါ့။ အရင်တုန်းက ၅၀၀ ပေးရတယ်။ အခု ၁၀၀၀ ပေးရတာ” ဟု CNI သို့ ပြောသည်။
လက်ရှိကောက်ခံနေသည့် လမ်းတံတားကြေးကို ယာဉ်အမျိုးအစားပေါ် မူတည်၍ ကောက်ခံလျက်ရှိကြောင်း အမ်းမြို့ဒေသခံ ဦးသန်းချိုက ပြောသည်။
၎င်းက “ဈေးနှုန်းကတော့ မမှန်သေးဘူး။ ကျနော်ဆိုရင် လွန်ခဲ့တဲ့ သုံးရက်က ကျနော်ကိုယ်တိုင် ပေးခဲ့ရတာ။ ဟိုက်ဂျက် တစ်စီးပေါ့လေ၊ ဆူဇူကီး အဲဒါကို ၂၀၀ ပေးရတယ်။ တချို့ ကားတွေကျတော့ ၇၀၀ ပေးရတယ် ပြောတာပဲ။ ၇၀၀၊ ၄၀၀၊ ၅၀၀ ကားအမျိုးအစားပေါ် မူတည်ပါလိမ့်မယ်။ ကုန်တင်ကား၊ ခရီးသည်ကားကျတော့ ဘယ်လောက်ပေးရမှန်း မသိသေးဘူး။ ကျနော်တို့ ဒိုင်နာတို့ကျတော့ ၇၀၀ ကောက်တယ်ပြောတယ်။ နောက်တော့ ကားသမားတွေက အတင်းပြောတဲ့အခါမှာ ၄၀၀ ကို ပြန်လျှော့ချတယ်” ဟု CNI သို့ ပြောသည်။
အဆိုပါ လမ်းတံတားကြေး ကောက်ခံမှု အခြေအနေနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဉီးလှသိန်း ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာမသိရပေ။
ရခိုင်ပြည်နယ်အတွင်း လမ်းတံတားကြေး ကောက်ခံမှုကို ပြီးခဲ့သည့် NLD အစိုးရလက်ထက်က ဖျက်သိမ်းထားခဲ့သော်လည်း ယခုအခါမှာတော့ ပြန်လည် ကောက်ခံနေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံး၌ မြို့ဝင်ကြေးနှင့် လမ်းတံတား အသုံးပြုကြေး ကောက်ခံသည့် ဂိတ်ပေါင်း ၃၀၀ ကျော်ကို ၂၀၁၆ ခုနှစ်၊ ဧပြီလက ဖျက်သိမ်းခဲ့ကြောင်း သိရသည်။