၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅
တရုတ်နိုင်ငံဘက်ရှိ အကောက်ခွန်ဌာနမှ ကုန်သွယ်ရေးစနစ်ပြောင်းလဲလိုက်သည့်အတွက် တောင်သူနှင့် ကုန်သည်များ အခက်တွေ့နေကြကြောင်း သိရသည်။
၎င်းမှာ Border Trade(နယ်စပ်ကုန်သွယ်ရေး) စနစ်မှ Normal Trade(ပုံမှန်ကုန်သွယ်ရေး) စနစ်သို့ ပြောင်းလဲ လိုက်ခြင်းဖြစ်ကာ ကုန်သွယ်မှုမှာ ပို၍အကျပ်ရိုက်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ပြောဆိုသည်။
စိုင်းမြင့်ဗိုလ်သစ်သီးပွဲရုံမှ နန်းခမ်းခင်က “အရင်က Border Trade နဲ့သွားတယ်ဆို နယ်စပ်ကုန်သွယ်ရေး ဒါကလုံးဝ မြေပြင်မှာလည်း နယ်စပ်ကုန်သွယ်ရေးပဲလေ။ Border Trade နဲ့သွားတဲ့အချိန်မှာ Export လုပ်မယ့်ဖရဲသီးတွေကို ၁၀၅ မိုင် မြန်မာပြည်ကနေပဲ ဂျူတီဆောင်ပြီးတော့ အထဲကို ထည့်ပေးလိုက်တယ်။ အဲ့ဒီမှာ တရုတ်က Border Trade ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒါကို သိပ်ပြီးတော့ တင်းတင်းကြပ်ကြပ် စိစစ်မှုမရှိဘူး။ ဗမာပြည်ကထုတ်ပေးလိုက်တဲ့ တန်ချိန်လေးတွေနဲ့ပဲ သူက အတည်ယူပြီးတော့ အဲ့ဘက်မှာ ရောင်းဝယ်ဖောက်ကားမှုပြုလုပ်တယ်။ အခု Normal Trade ကျတော့ အဲ့လိုမရတော့ဘူး။ ဒီ ဗမာပြည်ဘက်မှာ ဂျူတီတွေဆောင်ထားတဲ့အပြင်ကို သူတို့ဘက်မှာလည်း အဲ့ ဂျူတီတွေဆောင်ပေးရမယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ Normal Trade( ပုံမှန်ကုန်သွယ်ရေး) စနစ်ဖြင့် ကုန်သွယ်မှုပြုရာတွင် တန်ချိန်သတ်မှတ်ချက်များရှိလာကာ သတ်မှတ်တန်ချိန်ထက် ပိုနေပါက မည်ကဲ့သို့ လုပ်ဆောင်မည်ဆိုသည်ကိုတော့ တရုတ်ဘက်မှ တိကျသေချာစွာ ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။
ယင်းသို့ ပုံမှန်ကုန်သွယ်ရေးစနစ်ဖြင့် ကုန်တင်ပို့မှုအား ပင်လယ်ရေကြောင်း တင်ပို့မှုစနစ်ဖြင့် အခွန်ကောက်ခံ မည်ဖြစ်ပြီး အကောက်ခွန်ကုန်ကျစရိတ်မှာ တရုတ်ငွေ ယွမ် ၈၀၀ မှ ၁၀၀၀ ခန့်အထိရှိနိုင်ကြောင်း ခွာညို သစ်သီးပွဲရုံကသိရသည်။
ယခုကဲ့သို့ ကုန်သွယ်ရေးစနစ်ပြောင်းလဲလိုက်သည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် ယခင်ကထက် အချိန်ကာလအားဖြင့် ကြန့်ကြာသွားနိုင်သည်ဟု စိုင်းမြင့်ဗိုလ်သစ်သီးပွဲရုံမှ နန်းခမ်းခင်က ပြောသည်။
“ဒါကတော့ အရမ်းကြီးကို နက်နက်နဲနဲဖြစ်သွားတာပေ့ါ။ ခါတိုင်းလည်း ဒီလိုပုံမှန်အတိုင်းသွားနေတဲ့ကိစ္စကို ဘာကြောင့် ဒီလောက်ကြီး ခဲခဲယဉ်းယဉ်းဖြစ်အောင် လုပ်ဆောင်ကြတာလဲပေါ့နော်။ သေချာကြည့်မယ်ဆိုရင် တော့ ဒါက ရောဂါတစ်ခုတည်းကြောင့် ဒီလောက်ကြီး ကျပ်တည်းသွားစရာကိစ္စမဖြစ်သင့်ဘူးပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုပြုရာတွင် ကွန်တိန်နာဖြင့် ကုန်သွယ်ခြင်းသည် ကုန်ကျစရိတ် ကြီးမားသည့် အတွက် နှစ်နိုင်ငံဘက်ခြမ်းတွင် ပိတ်မိနေသည့် ကုန်ကားများအား ရှင်းလင်းသည့်အနေဖြင့် နိုဝင်ဘာ ၃၀ ရက်မှ စတင်ကာ ကုန်ကားများဖြင့် ကုန်သွယ်မှုပြုလုပ်နေကြခြင်းဖြစ်သည်။
“တရုတ်ကတော့ ဟိုစာရွက်ပေးဦး ဒီစာရွက်ပေးဦး။ ပိုးမွှားကင်းစင်ကြောင်း စာရွက်ပေးဦး။ စာရွက်တွေကို အမျိုးမျိုးတောင်းနေတာ။ လိုအပ်တာထက် ပိုတောင်း နေတယ်။ တအားကျပ်တယ်ခေါ်တာပေါ့။ တအားကျပ်တော့ သွားလို့မရဘူးဖြစ်နေတာ။ နောက်တစ်ခါ ခေါက် တိုကားငှားတဲ့ကိစ္စကလည်းခက်နေတယ်။ ခေါက်တိုကား လိုချင်သလောက်ငှားလို့မရဘူးဖြစ်နေတယ်။ နည်းလို့ သူတို့က အလုပ်မရှိတော့ ပြန်သွားကြတာ တအားများတယ်။ အရင်က ခေါက်တိုကား လုပ်စားတဲ့ဂိတ်တွေရှိ တယ်။ အခုကျတော့ အလုပ်မလုပ်တာ လေး၊ ငါးလဆိုတော့ တချို့ပြန်သွားကြပြီ။ အဝင်ကျပ်နေတယ်။ ဝင်လို့တော့ရတယ်နော်။ ဂိတ်တော့မပိတ်ဘူး ဂိတ်တော့ဖွင့်ထားတုန်းပဲ အဝင်ကျပ်တယ်ပြောရမှာပေါ့” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သို့ ပြောသည်။
ထိုကိစ္စရပ်များကြောင့် တရုတ်ဘက်သို့ ရောင်းချရန် တင်ပို့လိုက်သည့် ဖရဲကား ၂၁ စီးသည် တရုတ်နိုင်ငံဘက်သို့ ရောက်ရှိပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ဖရဲရောင်းကွင်းသို့ မရောက်ရှိသေးကြောင်းနှင့် ယခုထက်ပို၍ ရက်ကြာလာပါက စွန့်ပစ်ရမည့်အနေအထားဖြစ်နေကြောင်းသိရသည်။