၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ အလုပ်သမားများအား  ထိုင်းအစိုးရမှ ဖြေလျှော့သည့်အနေဖြင့်  တရားဝင်မှတ်ပုံတင်ခြင်းကို ခွင့်ပြုပေးခဲ့ပြီးဖြစ်သည့်အတွက် ယခုလမှ စတင်ကာ အထောက်အထားမဲ့ အလုပ်သမားများအားတွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒီဇင်ဘာ ၂ ရက်နေ့က အထောက်အထားမဲ့မြန်မာအလုပ်သမား ၂၀ ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုသို့ တရားဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ ၃၀ ရက်နေ့အထိ ခွင့်ပြုထားခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့အထိ စာရင်းအရ လူဦးရေတစ်သိန်းခွဲကျော်တင်ထားကာ ထိုထဲမှ ၈၀ ရာခိုင်နှုန်းကျော်သည် မြန်မာအလုပ်သမားများ ဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက CNI သို့ ပြော သည်။

“၃၀ရက်နေ့နောက်ပိုင်းမှာ အထောက်အထားမဲ့တွေကို ရှာဖွေတွေ့ရှိတယ်ဆိုရင် ပြစ်ဒဏ်အရထိရောက်စွာ အပြစ်ပေးအရေးယူမယ်ဆိုတာ အလုပ်ရှင်ရော အလုပ်သမားရောပေါ့။ သူတို့ဖြေလျှော့ထားပေးပြီးပြီလေ။ အလုပ်ရှင်တွေအနေနဲ့ တရားမဝင်အလုပ်သမားတွေ ခန့်အပ်ထားတယ်ဆိုရင်အကြောင်းကြားပါ။ ဒီတစ်လ အတောအတွင်းမှာ စာရင်းသွင်းတယ်ဆိုရင် အွန်လိုင်းကနေပဲ စာရင်းသွင်းလိုက်။ စာရင်းသွင်းတယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ ဒီလူတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးမယ်ဆိုတာ။ ဒီမှာတစ်ခုတိုးလာတာက ကိုဗစ်နဲ့ ပတ်သက် တဲ့ဥပဒေတစ်ခုတိုးလာတယ်။ တကယ်လို့ အဲ့အလုပ်သမားက ကာကွယ်ဆေးမထိုးရသေးဘူး အထောက်အထား ကလည်း မရှိဘူး။ လုပ်ငန်းခွင်မှာလည်း သတ် မှတ်ထားတဲ့လုပ်ငန်းခွင်မဟုတ်ဘူး။ အဲ့ဒါမျိုးဆိုရင် သူက အပြစ် နည်းနည်းပိုကြီးမှာပေါ့။ ထိုနည်းလည်းကောင်း သူ့ကို ခန့်အပ်ထားတဲ့ အလုပ်ရှင်ကလည်း ပိုပြီးတော့ ပြစ်ဒဏ် ခံရမယ်ပေါ့” ဟု ဦးမင်းဦးက ပြောသည်။

ယခုလမှစတင်ကာ အထောက်အထားမဲ့ အလုပ်သမားများအား အပြစ်ပေးအရေးယူမည့် ဥပဒေမှာ ယခင်ကတည်း က ပြဌာန်းထားသည့်အတိုင်းဖြစ်ပြီး လုပ်ငန်းခွင်မှာတွေ့ရှိပါက ပြစ်ဒဏ်တစ်မျိုး၊ အပြင်မှာတွေ့ရှိပါက ပြစ်ဒဏ် တစ်မျိုးဖြစ်ကြောင်း၊ အလုပ်ရှင်အနေဖြင့်လည်း အထောက်ထားမဲ့အလုပ်သမားခန့်ထားပါက ဒဏ်ငွေဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားများသည် ဖမ်းဆီးခံရမှုများရှိနေသော်လည်း တရားမဝင်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ ဆက်လက်သွားရောက်နေမှုများရှိနေသေးကာ ဖမ်းဆီးခံရမှုများလည်း ဆက်လက်ရှိနေသည်။

ထိုသို့ တရားမဝင် ဝင်ရောက်ချိန်တွင် အဖမ်းမခံရသူများသည်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး အလုပ်လုပ်ကိုင် ပါက အဖမ်းခံရနိုင်ကြောင်း သိရသည်။

FED မှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက “ဒီဟာက နှစ်ပိုင်းပေါ့ တစ်ပိုင်းကကျတော့ ဝင်လာတဲ့သူတွေ၊ တစ်ပိုင်းကကျတော့ ဒီထဲမှာရှိနေပြီးတော့ တရားမဝင်အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ သွားမိတယ်ဆိုရင်တော့ အဲ့ဒါတွေက ပြစ်ဒဏ်ကြီးတာပေါ့။ ဟိုဟာက ရိုးရိုးခိုးဝင်မှုတစ်ခုပဲဖြစ်မယ်။ ဒီဟာက တရားမဝင်အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲနဲ့ အလုပ်လုပ်တာ။ ပြီးတော့မှ လုပ်တဲ့အလုပ်အပေါ်မူတည်ပြီး လုပ်ငန်းအမျိုးအစားမတူဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့အလုပ်မဟုတ်ဘူးဆိုရင် အဲ့ဒါနောက်ထပ်တစ်မှုတိုးမယ်။ အဲ့လိုမျိုးတွေ အမှုတွေ တိုးတိုးသွားတာ”ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမား လိုအပ်ချက်ကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းကျော်ခေါ်ယူမည်ဖြစ်ကာ ဒီဇင်ဘာ ၁ ရက်နေ့မှစတင် မှတ်ပုံတင်၍ ရနေပြီဖြစ်သည်။

လက်ရှိတွင် Omicron(အိုမိုင်ခရွန်)ဟု WHO မှ အမည်ပေးထားသည့် ကိုဗစ်မျိုးကွဲသစ်တွေ့ရှိမှုကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံမှ MOU ဖြင့် အလုပ်သမားများအား နယ်စပ်ဂိတ်မှတဆင့် ခေါ်ယူမည့်ကိစ္စမှာ နှောင့်နှေးနိုင်ကြောင်းလည်း ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးဆောင်ရွက်နေသူများက သုံးသပ်ကြသည်။