CNI News

၂၀၂၂ ခုနှစ်၊ ဇွန် ၈

မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကမ်းဝေးငါးဖမ်းလုပ်ငန်းများသည် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရပ်နားထားရခြင်းများ ဖြစ်ပေါ်နေကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ ကမ်းဝေးငါးဖမ်းလုပ်ငန်းများသည်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် အလုပ်သမားကြေးများ ပေးဆောင်ရန် မတတ်နိုင်သည့်အတွက် လုပ်ငန်းများ ရပ်နားထားရသည်မှာ ၇၀ ရာခိုင်နှုန်းခန့် ရှိကြောင်း ငါးလုပ်ငန်း လုပ်ကိုင်သူ ဦးခင်အေးမောင် CNI သတင်းဌာနသို့ ပြောသည်။

ဦးခင်မောင်အေးက “ဈေးတအားများနေတော့ ပင်လယ်ထဲမှာ ငါးဖမ်းတဲ့သူတွေက ငါးဖမ်းထွက် မရဘူးပေါ့။ ငါးဖမ်းလုပ်တဲ့ ဟာက ဟိုတုန်းကလိုမျိုး ငါးဈေးကလည်း မတက်ဘူး။ ဒီဘက်က ဆီဈေးကလည်း တက်နေတော့ ငါးတစ်နေ့ သွားဖမ်းတာ အဆင်မပြေဘူးဆိုတော့ အလုပ်တွေက ရာခိုင်နှုန်း အားဖြင့် ၃၀ ရာခိုင်နှုန်းလောက်ပဲ လုပ်တော့တယ်။ ကျန်တဲ့သူတွေက အကုန်လုံး ဖြစ်သလို လုပ်နေကြတာပေါ့။ အဆင်မပြေဘူးပေါ့” ဟု ပြောသည်။

ယခင်က ငါးမဖမ်းရ ရာသီကို ဧပြီလ၊ မေလ၊ ဇွန်လ ဟူ၍ သတ်မှတ်ထားသော်လည်း လက်ရှိတွင် ဇွန်လမှစတင်၍ ငါးဖမ်းခွင့် ကို ငါးဖမ်းလုပ်ငန်းဦးစီးဌာနမှ ခွင့်ပြုထားကြောင်း သိရသည်။

သို့သော် စက်သုံးဆီ ဈေးနှုန်းများသည် ရန်ကုန်တိုင်းဒေသကြီးမှလွဲ၍ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ် တချို့တွင် ၂၅၀၀ မှ ၃၀၀၀ ကြား ဝယ်ယူနေရသည့်အတွက် ငါးဖမ်း တစ်ခါထွက်သည့်အခါ စက်သုံးဆီဖိုး ၃၀၀၀၀၀(သုံးသိန်း)နီးပါး ကုန်ကျသော် လည်း ၃၀၀၀၀၀(သုံးသိန်း) ပြန်မရရှိခြင်းကြောင့် လုပ်ကိုင်မည့်သူ မရှိတော့ကြောင်း ဦးခင်အေးမောင်က ပြောသည်။

ငါးဖမ်းလုပ်ငန်း တစ်ခုကိုတွေ့ရ

၎င်းက “ဘယ်လိုလုပ် သွားနိုင်မှာလဲ။ ဆီ လီတာ ၁၀၀ ကုန်တာ။ တစ်နေ့သွားလိုက်ရင် တစ်နေ့ ၂ သိန်း၊ ၃ သိန်းဖိုး နုတ်လိုက် ရင် ပိုက်ဆံက ၂ သိန်း ၃ သိန်းဖိုး မရဘူး။ အလုပ်သမားဖိုး ရှိသေးတယ်။ စားဖို့ ရှိသေးတယ်။ ပိုက်ဖမ်းတဲ့ အခြေအနေပေါ်မှာ ပိုက်တွေရဲ့ တန်ဖိုး ရှိသေးတယ်။ အလုပ်က ဘယ်လိုပြောရမလဲ ‌ရှေ့ဆက်ပြီး ဒီအတိုင်းသွားရင် အခြေအနေက ဘယ်လိုမှ မကောင်းဘူး။ လူလည်း မရှိတော့ဘူး။ နောက် အလုပ်ကောင်း လာမယ်ဆိုရင် လုပ်မယ့်လူလည်း မရှိတော့ဘူး ရခိုင်မှာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ငါးဖမ်းလုပ်ငန်း အများအပြား ရပ်နားလာမှုသည် မြန်မာနိုင်ငံ၏ ကမ်းရိုးတမ်းဒေသ တစ်လျှောက်ရှိ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း‌ဒေသကြီးတို့တွင် ဖြစ်ပေါ်လျက် ရှိသည်။

မွန်ပြည်နယ်တွင် စက်သုံးဆီ ဝယ်ယူရ ခက်ခဲခြင်းနှင့် ဈေးနှုန်း မြင့်တက်နေမှုကြောင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်မှုများ ရပ်နား လာကြသလို လုပ်ကိုင်သူ အနည်းငယ်သာ ရှိတော့ကြောင်း သိရသည်။

စက်သုံးဆီ ဈေးနှုန်း မြင့်တက်သော်လည်း ငါးဈေးနှုန်း မြင့်တက်လာခြင်း မရှိကြောင်း၊ အလုပ်သမား စရိတ်များလည်း မြင့် တက်နေကြောင့် ရပ်နားထားရကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ် ငါးလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးခင်ဝင်းက CNI သတင်းဌာန သို့ ပြောသည်။

ဦးခင်ဝင်းက “ဦးလေးလည်း ရပ်ထားရတာပဲ။ အခြေအနေ မကောင်းဘူး။ ငါးဈေးက မတက်ဘူးလေ။ ဆီဈေးပဲ တက်တယ်။ အလုပ်သမားခလည်း ဈေးတက်တယ်ဆိုတော့ အဲဒါကြောင့် ရပ်ထားတာပါ” ဟု ပြောသည်။

တခြားတစ်ဖက်မှာတော့ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်၍ မရခြင်းကြောင့် ဒေသခံပြည်သူ အများအပြား အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသွားကြောင်း၊ ထို့နောက် ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်မှုများ နေ့စဉ်နှင့်အမျှ ရှိလာနေကြောင်း၊ ပြည်တွင်း လုပ်သား အရင်းအမြစ် အားနည်းလာကြောင်း သိရသည်။