CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အိန္ဒိယ-နာဂဒေသ ပန်ဆောင်မြို့ နယ်စပ်ဂိတ်ကို ပြန်ဖွင့် ပေးရန် ဒေသခံများက လိုလားနေကြောင်း သိရသည်။

အဆိုပါ ပန်ဆောင်(နာဂ)-နန်ပေါင်(အိန္ဒိယ)ဂိတ်မှာ ယခင် ကိုဗစ်-၁၉ ပထမလှိုင်းကတည်းက ပိတ်ထားကြောင်း၊ ထို နယ်စပ် ဂိတ် ပြန်ဖွင့်ပေးပါက ကုန်ဈေးနှုန်း မြင့်မားနေမှုများ အဆင်ပြေသွားမည်ဖြစ်ကြောင်း ပန်ဆောင် ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ဒေါင်းနှင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်ဒေါင်းနှင်းက “နယ်စပ်ဂိတ်လေးကိုတော့ ဖွင့်စေချင်တာပေါ့ နှစ်ဦးနှစ်ဖက်။ ဒီဂိတ်လည်း ဖွင့်လိုက်ခြင်းအားဖြင့် ပြည်သူ တွေလည်း ဒီဒေသထွက်တဲ့ ဂျင်းလေး၊ ဘာလေး ရောင်းလို့ရတယ်၊ သူတို့ဆီက ဆန်၊ ဆီ၊ ဆားလေး ဝယ်စားလို့ရတယ်၊ အဲဒီလို ဆိုရင်တော့ ပြည်သူတွေက အသက်ရှု ချောင်ချိတာပေါ့၊ ပြည်သူတွေ အများစိုက်တဲ့ ဂျင်းတို့ အဲဒါတွေက အိန္ဒိယကပဲ ဝယ်ပေး တာဆိုတော့ အိန္ဒိယ ဒီနယ်စပ်ဂိတ်လေး ဖွင့်ပေးလို့ရှိရင်တော့ သူတို့တွေ ဒီလိုလေးတွေ ကုန်စည် ဖလှယ်မှုတွေ ဖြစ်ပြီးမှ စား ဝတ် နေရေး နည်းနည်းပါးပါး၊ အများကြီး အထောက်အကူ မပြုရင်လည်း မိသားစု ဝမ်းစာရေး အတွက်တော့ အဆင်ပြေမယ် လို့ မျှော်လင့်တယ်လေ၊ အဲဒီလိုဆိုတော့ နယ်စပ်ဂိတ်လေးကိုတော့ ဖွင့်စေချင်တယ်” ဟု ပြောသည်။

ပန်ဆောင်မြို့တွင် ဒေသထွက်ဆန် တစ်အိတ်လျှင် ယခင်က ၄၅၀၀၀ သာရှိသော်လည်း ယခုအခါမှာတော့ ၅၅၀၀၀ ကျပ် ဈေးတက်ခဲ့သလို၊ ဓာတ်ဆီ တစ်ဂါလံ (၄ လီတာ)ကို ၁၈၀၀၀ ကျပ်ရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် နန်ပေါင်(အိန္ဒိယ)-ပန်ဆောင်(နာဂ) နယ်စပ်ဂိတ် ပိတ်ထားသည့်အတွက် စားသောက်ကုန်များကို ရှင်ဗွေယန်၊ တနိုင်းမှ တဆင့် ဝယ်ယူရကြောင်း၊ ထို့ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ပန်ဆောင်မြို့က ကိုယ်ထူကိုယ်ထဈေး

ယခင်နှစ်က ပန်ဆောင်တွင် မိုးခေါင်၍ စပါးစိုက်ပျိုးမှု လျော့ကျခဲ့ကြောင်း၊ လက်ရှိ မိုးတွင်းကာလ ရောက်ရှိလာသည့်အတွက် လမ်းပန်းဆက်သွယ်ရေးမှာ တောင်ပြိုကျမှုများ ရှိနေကြောင်း နာဂရိုးရာ ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူး ဦးကျော်ဆိုက်က CNI သတင်းဌာနသို့ ပြောသည်။

ဦးကျော်ဆိုက်က “ ကျနော့် အနေနဲ့ကြတော့ အထူးသဖြင့် ကျနော်တို့ ဒေသရဲ့ အခြေအနေကတော့ ဒီကုန်ဈေးနှုန်းကြီးတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ ဒေသရဲ့ အခြေအနေနဲ့ စီးပွားရေးက အစပေါ့နော်၊ လူမှုစီးပွားရေးကနေ ငွေရေးကြေးရေး ရှာတဲ့ နေရာလည်း မရှိဘူး။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတယ်ဆိုတော့ ကျနော့် ဒေသ အတွက်တော့ တော်တော်လေးတော့ အခက်အခဲဖြစ်နေတဲ့ အတွက်ကြောင့်မို့ ဆန်ရေစပါးကလည်း မနှစ်က ပြတ်သွားတဲ့ အတွက်ကြောင့်မို့ အဲဒီမှာ အခက်အခဲတွေ ပိုများလာတာပေါ့လေ၊ နယ်စပ်ဈေးတွေပေါ့၊ အထူးသဖြင့် ကျနော်တို့ ဖြစ်ချင်တာ တော့ နယ်စပ်ဂိတ်တွေ ဖွင့်ပေးနိုင်ရင်တော့ တစ်ဖက်တစ်လမ်းကနေ လူထုအတွက် စားဝတ်နေရေး ကာဗာတစ်ခု ဖြစ်တာ ပေါ့” ဟု ပြောသည်။

ပန်ဆောင်မြို့သည် အိန္ဒိယနယ်စပ် မြန်မာနိုင်ငံ၏ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသည်။

ထိုဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် မြန်မာပြည်တွင်းမှ စားသုံးကုန်များ၊ လူသုံးကုန်များ တင်သွင်းရာ၌ ကုန်ကျစရိတ် မြင့်မားလေ့ရှိကြောင်း သိရသည်။