၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်လိုက်သည့်အချိန်တွင် မူဆယ်ဂိုဒေါင်များသို့ ရောက်ရှိနေပြီးသား ဖြစ်သည့် ဆန်၊ ပဲနှင့်ရော်ဘာများကို နိုဝင်ဘာ ၃၀ ရက်နေ့မှစ၍ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရနေကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင်ထံမှ သိရသည်။

ယင်းသို့ တင်ပို့ရာတွင် ဆန်ကားအစီးရေ တစ်နေ့လျှင် ၁၀ စီးခန့် တရုတ်နိုင်ငံသို့ ကျင်ဆန်းကျော့ဂိတ်မှတဆင့် တင်ပို့နေကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“နိုဝင်ဘာ ၃၀ ရက်နေ့က စပြီးတော့ တစ်နေ့ကို ဆန်နဲ့ဆန်ကွဲ ၁၀ စီးလောက် ပုံမှန် သွားနေပါတယ်။ ၃၀, ၃၁, ၁ ရက် ရှိသွားပြီဆိုတော့ ၂ ရက်နေ့အထိပေါ့နော်။ သွားနေကြတာ ၄ ရက်အတွင်းမှာတော့ နေ့စဉ်တော့ သွားနေ ပါတယ်။ တန်ချိန်အားဖြင့်တော့ ပြောလို့မရသေးဘူး။ ကားအားဖြင့်တော့ ဆန်တို့၊ ပဲတို့၊ ရော်ဘာတို့ တစ်နေ့ကို ၃၀ ရက်နေ့က စပြီးတော့ အစီး ၃၀ လောက် သွားနေတယ်။ ကျင်ဆန်းကျော့ကပဲ သွားလို့ရမယ်။ ကျင်ဆန်းကျော့ အပေါက်တစ်ပေါက်တည်းကပဲ သွားရတာ။ တခြားအပေါက်တွေ မဖွင့်ပါဘူး။ ကွန်တိန်နာစနစ်နဲ့ မဟုတ်ဘူး။ ကားတိုက်ရိုက်စနစ်နဲ့ပဲ” ဟု ပြောသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေး ပိတ်လိုက်သည့်အချိန်တွင် မူဆယ်ဂိုဒေါင်၌ ဆန်တန်ချိန် ၄ သိန်းနီးပါး ကျန်ရှိ နေခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ယင်းသို့ ကျန်ရှိနေသည့်ထဲမှ ဆန်၊ ပဲနှင့် ရော်ဘာများကိုသာ တင်ပို့ခွင့်ရနေပြီး အသစ်ရောက်ရှိ လာမည့် ဆန်၊ ပဲနှင့် ရော်ဘာများကိုတော့ ခွင့်ပြုပေးထားခြင်း မရှိကြောင်း သိရသည်။

အသစ်ထပ်မံတင်ပို့မည့် ဆန်နှင့်ပဲများကို မန္တလေးမြို့နှင့် ၁၆ မိုင်ခန့် ကွာဝေးသည့် ရွှေမိုင်းယု(ခေါ်)၁၆ မိုင်ဂိတ်တွင် စစ်ဆေးရေးစခန်းဖွင့်လှစ်၍ အကောက်ခွန်မှ တားမြစ်ထားကြောင်း ဦးမင်းသိန်းက ရှင်းပြသည်။

“ဆန်တို့ ပဲတို့ လုံးဝ အဝင်မခံပါဘူး။ ၁၆ မိုင်ဂိတ်ကတည်းက မန္တလေးအထွက် မန္တလေးနဲ့ ၁၆ မိုင် ကွာဝေးတဲ့ စစ်ဆေးရေးဂိတ်ရှိတယ်။ စစ်ဆေးရေးဂိတ်က တားထားပါတယ်။ အကောက်ခွန်ကနေပြီးတော့ ဆန်တို့၊ ပဲတို့၊ ရော်ဘာတို့ လုံးဝ အသွားမခံပါဘူး။ လောလောဆယ်တော့ မူဆယ်မှာရှိတဲ့ပစ္စည်းတွေကိုပဲ ပိတ်မိနေတဲ့ပစ္စည်း ကိုပဲ အရင်ရှင်းနေရတာပါ” ဟု ပြောသည်။

တရုတ်နယ်စပ်ဂိတ်များကို ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုမြင့်တက်လာခဲ့သည့် အကြောင်းပြချက်ဖြင့် ဇူလိုင်လ ၈ ရက်နေ့တွင် တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်ခြင်းဖြစ်ပြီး နိုဝင်ဘာလ တတိယပတ်တွင် ကျင်ဆန်းကျော့ ဂိတ်ကို စမ်းသပ်ကာလအဖြစ် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။