၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂

တိရစ္ဆာန်အစာအဖြစ် ပြောင်းဖူးချဉ်ဖက်နှင့် ပြောင်းပင်ချဉ်ဖက်များကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် မြန်မာဘက်မှ ကုမ္ပဏီများ ကြိုးစားနေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။

လက်ရှိတွင် လားရှိုးမြို့ရှိ ကုမ္ပဏီတစ်ခုနှင့် တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းကာ ပြောင်းဖူးချဉ်ဖက် များကို ထုတ်လုပ်နေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“ချဉ်ဖက်လို့ခေါ်တာပေါ့ ပြောင်းပင်ချဉ်ဖက်လို့ ခေါ်တာပေါ့။ ဒါကလည်း လက်တွေ့ ဘယ်လောက်တန်၊ ဘယ်နှစ်တန်ပေါင်း ဘယ်လိုလုပ်တယ်လို့တော့ မရှိသေးဘူး။ လားရှိုးမှာ ကုမ္ပဏီတစ်ခုနဲ့ တရုတ်ကုမ္ပဏီတစ်ခုနဲ့ ဒါတွေကို ပို့ဖို့အတွက်ကို သူတို့ လုပ်နေတုန်းပဲ ရှိတယ်။ တရုတ်ပြည်က လိုချင်တယ် ဒီပြောင်းဖူးချဉ်ဖက်ကို၊ အဲဒါ ကြောင့် တရုတ်ကုမ္ပဏီပါ အပါ ဒီဘက်မှာ နည်းပညာပေးပြီး ဒီဘက်မှာ ထုတ်လုပ်ဖို့အတွက် သူတို့ကြိုးစားဆဲ ရှိသေးတယ်။ အောင်မြင်ဖို့တော့ နီးပါတယ်” ဟု ပြောသည်။

တိရစ္ဆာန်အစာပြောင်းချဉ်ဖတ်သည် ပြောင်းဖူးနှင့်ပြောင်းပင်ကို နုပ်နုပ်လှီးဖြတ်ခြင်း၊ ပြုပြင်ခြင်း၊ အချဉ် ဖောက်ခြင်းတို့ စသည်တို့ကို ပြုလုပ်ထားခြင်းဖြစ်ပြီး တိရစ္ဆာန်များကို အစာကျွေးသည့်နေရာတွင် အသုံးပြုသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တိရစ္ဆာန်အစာအဖြစ် ပြောင်းဖူးဖတ်များကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြောင်းဖူးချဉ်ဖက်များကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရမည်ဆိုပါက မြန်မာနိုင်ငံရှိ ပြောင်းစိုက်တောင်သူများအတွက် များစွာအထောက်အကူ ဖြစ်နိုင်သည့်အတွက်ကြောင့် ယင်းကို ကြိုဆိုကြောင်း ဦးသန့်ဇင်ထွန်းက ဆက်ပြောသည်။

“ပြောင်းဖူးချဉ်ဖက်တို့၊ ပြောင်းပင်ချဉ်ဖက်တို့ ဖြစ်သွားရင်တော့ တောင်သူတွေအတွက် အပင်တွေ ဒီအတိုင်း ပိုလျှံနေတဲ့ အပင်တွေကနေပြီးတော့ တိရစ္ဆာန်အစာ ဖြစ်လာမယ်ဆိုရင်တော့ ပြောင်းစိုက်ဖို့အတွက် ပြောင်း တောင်သူတွေအတွက် ဝင်ငွေရလမ်းတစ်ခု တိုးလာမှာပဲလေ။ ဒါကို အားပေးရမှာပဲ” ဟု ပြောသည်။

တိရစ္ဆာန်အစာ ပြောင်းဖူးချဉ်ဖက်များကို တင်ပို့မည်ဆိုပါက တရုတ်နိုင်ငံ၏ အကောက်ခွန်အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ ၏ သွင်းကုန်နှင့်ပို့ကုန်အစားအစာ ဘေးကင်းလုံခြုံရေးဗျူရို (GACC)ထံတွင် မှတ်ပုံတင်ရမှာဖြစ်ကြောင်းလည်း သိရ သည်။