၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂

လာမည့် ဇန်နဝါရီလတွင် မိုးကြက်သွန်ပေါ်မည်ဖြစ်သဖြင့် လက်ရှိတွင် ကြက်သွန်ဟောင်း(နွေကြက်သွန်)များမှာ ပြည်တွင်းတွင် ရောင်းလိုအားများကာ ဈေးနှုန်းကျဆင်းနေကြောင်း ကြက်သွန်စိုက်တောင်သူ၊ ကုန်သည်များနှင့် ကုန်စည်ဒိုင်တို့ထံမှ သိရသည်။

ကြက်သွန်များအား ပြည်ပမှ ဝယ်ယူမှု မရှိသလောက်ဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊ မိုးကြက်သွန် ပေါ်ချိန်နီးသည့်အတွက်ကြောင့်လည်းကောင်း တောင်သူများက ကြက်သွန်ဟောင်းများကို အရှုံးခံပြီး ရောင်းချ နေသည့်အတွက် ယခုကဲ့သို့ ဈေးကျနေခြင်းဖြစ်ကာ ပြည်တွင်းစားသုံးသူများအတွက်တော့ ဈေးနှုန်းသက်သာ အဆင်ပြေကြောင်း သိရသည်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေါ်ပြုံး(အမည်လွှဲ)က “ပြည်တွင်းက ဒီနှစ်က တောင်သူတွေ မွဲတဲ့နှစ်ပဲ။ လှောင်ထားတဲ့လူတွေလည်း ထိတဲ့နှစ်ပဲ။ ပြည်တွင်းမှာပေါတယ်။ ပြည်တွင်းက လူတွေ ကတော့ ပေါပေါ စားရတာပေါ့။ ပေါပါတယ်ဆိုမှ ဈေးတက်ဖို့ မရှိတော့ဘူးလေ။ ဝယ်လိုအားများရင် ရောင်းလိုအား နည်းနေရင် အဲ့လိုမျိုးလေ။ Demand နဲ့ Supply လေ။ အခုက ရောင်းလိုအားများပြီး ဝယ်လိုအားနည်းတော့ ဈေးကကျပြီလေ။ ဈေးကကျလမ်းပဲရှိတာ တက်လမ်းမရှိတော့ဘူး။ ပြည်တွင်းမှာလည်း မတက်တော့ဘူး” ဟု CNI သတင်းဌာန သို့ ပြောသည်။

ကြက်သွန်စိုက်တောင်သူများသည် ပြီးခဲ့သည့်နှစ်က ကြက်သွန်ရောင်းချမှုမှာ ဈေးကောင်းရခဲ့သည့်အတွက် ယခုနှစ်တွင် နွေကြက်သွန်အား အများအပြားစိုက်ပျိုးထားကြခြင်းဖြစ်သည်။

ထိုသို့ အများအပြားစိုက်ပျိုးထားသော်လည်း လက်ရှိတွင် မိုးကြက်သွန်ပေါ်ချိန်နီးလာသည့်အပြင် ပြည်ပမှ ဝယ်ယူမှုမရှိသလောက်နည်းပါးနေသည့်အတွက် တောင်သူနှင့် ကုန် သည်၊ ပွဲစားတို့ အရှုံးပေါ်နေခြင်းဖြစ်သည်။

လက်ရှိတွင် တောင်သူများက ကြက်သွန်ဟောင်းများကို တစ်ပိဿာလျှင် ၂၀၀ ကျပ်၊ ၂၇၀ ကျပ် ဝန်းကျင်ဖြင့်သာ အရှုံးခံဈေးချရောင်းနေကြရပြီး ယခင်ကဆိုလျှင် ပြည်ပနိုင်ငံများမှ အပြိုင်အဆိုင်ဝယ်ယူမှုကြောင့် တစ်ပိဿာ ၃၀၀၀ ကျပ်အထိ ဈေးရရှိခဲ့ဖူးသည်ဟု သိရသည်။

ယခုနှစ်တွင် စိုက်ပျိုးရေးသွင်းအားစုစရိတ်မှာ ယခင်နှစ်များကထက် ဈေးအဆမတန်မြင့်တက်နေသည့်အပြင် ကြက်သွန်သည် စိုက်ပျိုးသွင်းအားစုအဓိကအသုံးပြုရသည့် ထုတ် ကုန်ဖြစ်သောကြောင့် အခုလိုမျိုး ဈေးချရောင်းနေရခြင်းသည် တောင်သူများအတွက် ပိုမိုအရှုံးပေါ်နေရခြင်းဖြစ်သည်။

ကြက်သွန်စိုက်တောင်သူ ကိုထွန်း‌ကျော်နိုင်က “ဒီအဟောင်းက မရောင်းရင်လည်း မရတော့ဘူးလေ။ ရှေ့တစ်လ အထားမခံတော့ဘူး။ အရှုံးမပေါ်ဘူး အရှုံးပိုကြီးတယ်။ ထားမရလို့ ရောင်းရတာ။ ပုပ်မှာပဲရှိတော့တာ။ အရှုံးခံ ပြီးတော့ ရောင်းနေရတာ။ ကြက်သွန်ကပေါလို့တော့ မဟုတ်ဘူး။ အခု အဟောင်းက ၁၂ လပိုင်း တစ်လလုံး ကုန်ပြီးရင် ထားလို့မရတော့ဘူး။ အပင်ပေါက်ပြီး သူ့ဟာသူ ပုပ်သိုးပြီးတော့ ဖြစ်သွားတော့တာ စားလို့သောက်လို့ မရတော့ဘူး။ အဲ့တော့ကျ ရတဲ့ဈေးနဲ့ရောင်းနေရတာ” ဟု CNI သို့ ပြောသည်။

ယခုနှစ် မိုးကြက်သွန် စိုက်ပျိုးချိန်တွင် မြေဩဇာ၊ စက်သုံးဆီနှင့် ပိုးသတ်ဆေး စသည့် စိုက်ပျိုးသွင်းအားစုစရိတ် များသည် ယခင်နှစ်များထက် သိသာစွာ မြင့်တက်နေခြင်းကြောင့် ဆုံးရှုံးမှုများမည်ကို စိုးရိမ်သည့်အတွက် ကြက်သွန်စိုက်ပျိုးမှု နည်းပါးကြောင်းသိရသည်။

မြန်မာ့ကြက်သွန်များအား အများအပြားဝယ်ယူခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိတွင် ယခင်ကထက် ဝယ်ယူမှုလျော့နည်းသွားပြီး ရေချိုငါးအား အများအပြားဝယ်ယူနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှသိရသည်။