၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရုတ်ဘက်သို့ ဖရဲသီး တင်ပို့သည့်အခါတွင် ယခင်ပုံမှန်ကာလကုန်သွယ်မှုထက် ကုန်သွယ်ရက်ကြာမြင့်လာသည့်အတွက် ဈေးကောင်း မရရှိမည်ကို ဖရဲစိုက်တောင်သူများနှင့် ကုန်သည်များက စိုးရိမ်နေကြသည်။

မြန်မာဘက်ခြမ်းတွင် ရှန်တိန် ၃ ဆင့်ဖြင့်ကားကွင်းသို့ ဝင်ရောက်ပြီးမှ တရုတ်ခါလီကားပေါ်တင်ရမည်ဖြစ်ပြီး ကားပေါ်သို့ရောက်ရှိပြီးသော ဖရဲသီးများကို ပိုးသတ်ဆေးဖျန်း၍ ၄၈ နာရီထားရှိပြီးမှသာ တရုတ်ပြည်သို့ မောင်းဝင် သွားရမည်ဖြစ်သည်။

တရုတ်ပြည်သို့ရောက်ပါကလည်း ပိုးသတ်ဆေးထပ်မံဖျန်း၍ ၄၈နာရီ ထားရှိပြီးမှသာ ဖရဲရောင်းကွင်းသို့ ဝင်ရောက် နိုင်မည်ဖြစ်သည့်အတွက် အချိန်ကာလအားဖြင့်များစွာကြာမြင့်မည်ဖြစ်ကြောင်းနှင့် ယခင်ပုံမှန်ကာလများတွင် ကားကွင်းမှ တရုတ်ဘက်သို့ တင်ပို့သည့်အခါတွင် တစ်ရက်ခန့်သာကြာမြင့်ကြောင်း သိရသည်။

ဖရဲစိုက်တောင်သူ ကိုစည်သူအောင်က “ဈေးကတော့ ကျနော်တို့လည်း အခုထိမသိရသေးဘူး။ ပုံမှန်နှစ်တွေကို တစ်ကီလိုကို အလွန်ဆုံးတစ်ကျပ်(ယွမ်ငွေ)ရှိရင်တောင် ကျနော်တို့အတွက် မရှုံးဘူး။ ဒီနှစ်က တစ်ကျပ် မရ‌တော့ ဘူး ၃ ကျပ်လောက်ဆိုရင်‌တောင် ကျနော်တို့က ရှုံးဦးမှာ။ ပြောရရင်ဗျာ တစ်ကီလိုကို ၆ ကျပ် ၇ ကျပ်လောက်ဆိုမှ အဆင်ပြေမှာ။ ဈေးကလည်းအခုထိမသိရသေးတော့ ကျနော်တို့က အရဲစွန့်တင်ရမှာ။ ကျနော်တို့အသီးက ၁၀ ရက် လောက်အထိအထားခံတယ်။ သူတို့ဘက်က အဲ့ထက်ကြာသွားရင်တော့ ကျနော်တို့ဘက်က စိုးရိမ်ရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် တရုတ်ဘက်သို့ မြန်မာဘက်မှ ဖရဲကားတစ်စီးရောက်ရှိသွားပြီဖြစ်သော်လည်း ပိုးသတ်ဆေးဖျန်းပြီး ၄၈ နာရီထားရသည့်အတွက် ယနေ့အထိ ဖရဲရောင်းကွင်းထဲသို့ မရောက်ရှိသေးကြောင်း မူဆည် သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ထံမှ သိရသည်။

ထို့အပြင် မူဆယ် ၁၀၅ မိုင် ကားကွင်းတွင် တရုတ်သို့တင်ပို့မည့် ဖရဲကားအစီးအရေ ၇၀ ခန့် ရောက်ရှိနေကြောင်း နှင့် ၁၅ စီးအား တရုတ်ဘက်သို့ ပို့ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ကုန်ကျစရိတ်ပိုများတာပေါ့။ ပုံမှန်ဆိုရင် ဖရဲသီးအလုံးလိုက်တင်ရုံပဲ ဖာထည့်စရာမလိုဘူး။ အခုကျတော့ ဖာတွေ ဘာတွေနဲ့ဆိုတော့ ဖာခပိုကုန်တယ်။ ဟိုမှာကိုက လှယ်ရတာ နှစ်ခါလှယ်ရတာဆိုတော့ အလုပ်သမားခတွေက လည်း တောင်သူကပဲခံရတာဆိုတော့ ကုန်ကျစရိတ်ပိုကုန်တယ်။ တောင်သူဘက်က ကားခကုန်မယ်၊ အလုပ် သမားခ ကုန်မယ်၊ ပွဲစားခကုန်မယ်” ဟု ဖရဲစိုက်တောင်သူ ကိုစည်သူအောင်က ပြောသည်။

ယခုကဲ့သို့ ရှန်တိန်အဆင့်ဆင့်ဖြင့် ကုန်သွယ်ရခြင်း၊ ဖရဲသီးများအား ဂျက်ဖာများဖြင့်သာ ထုပ်ပိုးရခြင်းတို့ကြောင့်  ကုန်ကျစရိတ်မှာ ၂၅ သိန်းခန့်ရှိနိုင်ပြီး ယခင်ကထက် ပိုကုန်ကျနိုင်ကြောင်း ကုန်သည်များထံမှ သိရသည်။

ထို့ကြောင့် တရုတ်ခါလီကားမလုံလောက်မှု ပြဿနာ၊ ၄၈ နာရီထားရှိမည့် နေရာအခက်ခဲနှင့် ကုန်ကျမည့် ကုန်ကျ စရိတ်များကို အထူးသတိပြုကြရန် ဖရဲတင်ပို့သည့် ကုန်သည်များက ပြောဆိုထားသည်။

နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်အား နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်ကာ စမ်းသပ်ကာလ ဖြင့် စတင်ဖွင့်ပေးခဲ့ပြီး ကုန်သွယ်မှုပြန်လည်စတင်နေခြင်းဖြစ်သည်။