CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁
မြန်မာနိုင်ငံမှ ဆန်တန်ချိန်နှစ်သောင်းကို သီရိလင်္ကာနိုင်ငံမှ နှစ်နိုင်ငံအစိုးရအဖွဲ့ G to G သဘောတူညီချက်အရ ဝယ်ယူမည်ဖြစ်ပြီး အဆိုပါ ဝယ်ယူမှုသည် ဆန်ဈေးကွက်အပေါ် သက်ရောက်မှုရှိနိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“လောလောဆယ် စပြီး ဝယ်ယူဖို့အတွက် ညှိနှိုင်းနေတာ။ သူတို့ ဆန်တန်ချိန် နှစ်သောင်း ဝယ်မယ်လို့ပဲ သိရ သေးတယ်။ ကျန်တဲ့ကိစ္စကတော့ အစည်းအဝေးတွေ ဆက်လုပ်ပြီးမှ သိရမယ်။ တခါတလေ သူတို့လိုအပ်ချက် ရှိရင် သူတို့ဝယ်တယ်။ တန်ချိန်နှစ်သောင်းလောက်ကတော့ ကျနော်ထင်တယ် ကုမ္ပဏီတစ်ခု ပို့စာလောက်ပဲ ရှိတယ်ဆိုတော့ မပြောပလောက်ပါဘူး။ G to G သဘောတူညီမှုနဲ့ ကျနော်တို့ကရောင်းမှာ” ဟု ပြောသည်။
သီရိလင်္ကာအစိုးရက နိုင်ငံတကာကုန်သွယ်မှု ကော်ပိုရေးရှင်းမှတဆင့် ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၆၀ ဖြင့် ဝယ်ယူတင်သွင်းမှာဖြစ်ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံတွင်း ဆန်ပြတ်လပ်မှုမရှိဘဲ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားနိုင်ရန် ခွင့်ပြုချက် ရရှိခဲ့ပြီးနောက် မကြာခင်က ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ဆန်ဝယ်ယူရန် ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။
နိုင်ငံတကာဆန်ဈေးကွက်တွင် မြန်မာ့ဆန်ဈေးသည် အမျိုးအစားနဲ့အရည်အသွေးပေါ်မူတည်ပြီး မတ်ထရစ် တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၀၀ မှ ၄၂၀ ကြား ပေါက်ဈေးရရှိနေပြီး ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ထက် များစွာ နိမ့်ကျနေကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂.၅ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး ဆန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော် ရရှိခဲ့တယ် လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ထုတ်ပြန်ချက်များအရသိရသည်။