၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃၀

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ချင်းပြည်နယ် ပလက်ဝ၏ အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ရေလမ်းကြောင်း ပိတ်ထားသည့်အတွက် ပလက်ဝမြို့နယ်တွင် ကုန် ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်ဟု ပလက်ဝ ဒေသခံများက ပြောသည်။

လက်ရှိတွင် ပလက်ဝဒေသသို့ ကုန်စည်များ ဝင်ရောက်မှု မရှိသလောက်ဖြစ်ကာ ဆန်၊ဆီ၊စား အပါအဝင် အခြေခံစားသောက် ကုန် ဈေးနှုန်းများ ယခင်ကထက် ထက်ဝက်ကျော်နီးပါး မြင့်တက်နေသည်ဟု ပလက်ဝဒေသခံတစ်ဦးက CNI သို့ ပြောသည်။

၎င်းက “စားသောက်ကုန်ကတော့ အကုန်လုံးပေါ့ဗျာ။ ဈေးတွေကတော့ တော်တော်များများကို ကွာတယ်ပေါ့။ ဆီဆိုလည်း ဆီ တစ်လီတာ တစ်ဗူးကို ၆၀၀၀ လောက် ရှိတာပေါ့။ ဆားဆိုရင် ၁၈၀၀ လောက် ရှိတယ်ဗျ။ အရင်ကနဲ့ စာလို့ရှိရင် ပုံမှန် အနေ အထားမှာ ၁၀၀၀၀ ကျော်လောက်ရှိတဲ့ ဆန်ကြမ်းကို ၃၀၀၀၀ ကျော် ပေးနေရတာပေါ့။ အရင် ပေါ်ဆန်းမွှေး ၂၀၀၀၀ ကျော်ရှိ တဲ့ ဆန်ကို အခု ၆၀၀၀၀ နီးပါး ပေးရတာပေါ့” ဟု CNI သို့ ပြောသည်။

ယခင်က ပလက်ဝနှင့် ကျောက်တော် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားသည့်တိုင် တရားမဝင် လမ်းကြောင်းမှ တဆင့် ကုန်စည်ဝင်ရောက်မှုများရှိသော်လည်း လက်ရှိတွင် တပ်မတော်မှ တပ်စခန်း တည်ဆောက်ထားမှုကြောင့် တရားမဝင် ကုန် သွယ်မှုများ မရှိတော့ကြောင်း ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဘဏ္ဍာ ရေးမှူး ဦးခင်အောင်က ပြောသည်။

ပုံ-ပလက်ဝဒေသခံများ စားနပ်ရိက္ခာထောက်ပံ့ပေး။ Photo - CNI

ဉီးခင်အောင်က “စက်လှေလည်း မရှိဘူး။ အရင်တုန်းက မှောင်ခိုလမ်းနဲ့ သွားတယ်။ အခု မှောင်ခိုလမ်းလည်း ပိတ်တယ်။ မှောင်ခိုလမ်း ပိတ်တဲ့နေရာမှာ လောင်းကဒူး တံတားအထိကို သွားလို့ရတယ်လေ။ အဲဒီ တံတားဘက် အကျော်လမ်းကို ဒီ ဘက်ကနေ ကျော်ပြီးတော့ သွားကြတာလေ။ အခု အဲဒီ လောင်းကဒူးနဲ့ ပလက်ဝကြားကို တပ်စခန်း တည် ထားတော့ သွားလို့ မရတော့ဘူး၊ ကုန်စည်တွေက ဘယ်ကနေ ရလဲဆိုတော့ အရင်တုန်းက ဟိုတစ်ခေါက်က သူတို့ ခွင့်ပြုမိန့်ပေးတုန်းက ကုန်စည် တွေ နည်းနည်းပါးပါး လက် ကျန်တယ်။ အခု ပလက်ဝမှာ လာကြည့်လိုက်ပါ။ ပလက်ဝမြို့ပေါ်မှာ ဈေးဆိုင်တွေဖွင့်တာ တော် တော် နည်းသွားပြီ။ မရှိတော့ဘူး။ လက်ကျန် ကုန်စည်လေးကိုပဲ ဈေးနှုန်း မြှင့်တင်ပြီးတော့ ချွေချွေတာတာ ရောင်းနေရတဲ့ ဘဝကို ရောက်သွားပြီ”ဟု CNI သို့ ပြောသည်။

ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်းကို ကုန်စည်မပါဘဲ ခရီးသွားများအတွက် တစ်ခါတစ်လေ ခွင့်ပြုပေးလျက်ရှိ ကြောင်း၊ သို့သော် စက်လှေဈေးနှုန်းများသည် ယခင်က ၂၀၀၀ သာပေးရသော်လည်း ယခုအခါမှာတော့ ၃၀၀၀၀ နီးပါး ပေး နေရကြောင်း ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

၎င်းက“အရင် စက်လှေက ကျောက်တော်နဲ့ ပလက်ဝ ၂၀၀၀ ပဲ ရှိတယ်။ အခုတော့ ပလက်ဝ - ကျောက်တော် ၃၀၀၀၀။ ကျောက်တော်ထိတောင် မရောက်ဘူးပေါ့။ ကျောက်တော်နီးနီးပေါ့။ ဒါပေမယ့် ကျောက်တော်ကို အဲရွာကနေတဆင့် ကားစီး ရင် ၅၀၀၀ ပေါ့။ ၃၀၀၀၀၊ ၃၅၀၀၀ ပေးရတယ်ဗျ” ဟု CNI သို့ ပြောသည်။

ပလက်ဝနှင့် ကျောက်တော် ကုန်သွယ်ရေးလမ်းကြောင်းကို ပလက်ဝမြို့တွင် တပ်စွဲထားသည့် တပ်မတော်မှ ယခင်က တစ်ပတ်လျှင် နှစ်ကြိမ်ခန့် သွားလာခွင့် ပြုခဲ့သော်လည်း အောက်တိုဘာ ၁၄ ရက်နေ့မှစ၍ သွားလာခွင့် မပြုတော့ကြောင်း သိရသည်။
ပလက်ဝ ဒေသသည် ချင်းပြည်နယ်၏ တောင်ပိုင်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းမွန်သည့်အတွက် ကုန်သွယ်ရေး ကို ရခိုင်ပြည်နယ်၊ကျောက်တော်ဘက်ကနေတဆင့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို တင်သွင်းနေရ သည့် ဒေသဖြစ်သည်။

ပလက်ဝ ဒေသတွင် လူဉီးရေ စုစုပေါင်း တစ်သိန်းကျော် နေထိုင်ပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ အထိ တပ်မတော်နှင့် AA ကြား တိုက်ပွဲများကြောင့်လည်း တိုက်ပွဲရှောင် ၁၀၀၀၀ နီးပါး ရှိခဲ့သလို စားနပ်ရိက္ခာပြတ်တောက်ခြင်းနှင့် စားသောက်ကုန်ဈေးနှုန်းများ ယခုလို မြင့်တက်ခဲ့ခြင်းကြောင့် ဒုက္ခများရောက်ခဲ့ရသေးသည်။