၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃၀

လက်ရှိတွင် Omicron(အိုမိုင်ခရွန်) ဟု WHO မှ အမည်ပေးထားသည့် ကိုဗစ်မျိုးကွဲသစ်တွေ့ရှိမှုကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံမှ MOU ဖြင့် အလုပ်သမားများအား နယ်စပ်ဂိတ်မှ ခေါ်ယူမည့်ကိစ္စ နှောင့်နှေးနိုင် ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာန သို့ ပြော သည်။

“ဘယ်နေ့ ဘယ်ရက်ဖွင့်မယ်လို့ မကြေညာပေမယ့် ပြီးခဲ့တဲ့ အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလဆန်းထဲမှာ ဖွင့်မယ်ဆိုတာမျိုးပြောထားတာရှိတယ်။ ဒါပေမယ့် အခုလိုမျိုးရောဂါသစ်ထပ်ပေါ်တာမျိုးနဲ့တော့ နယ်စပ်လမ်းတွေ ကို ဆက်ပိတ်ထားမှာတော့ စိုးရိမ်မှုရှိတယ်။ ဒါကြောင့်မို့ အဲ့ကိစ္စကတော့ အပြောင်းအလဲရှိမယ်ထင်တယ်။ MOU ကို နယ်စပ်ကပဲပေးလာမယ်ဆိုတဲ့ဟာပဲ စဉ်းစားထားတာလေ။ နယ်စပ်တွေမှာ ကွာရန်တင်းစင်တာဝင်ရမယ်တို့ အဲ့ဒါမျိုးတွေပြောထားတော့ နယ်စပ်တွေ လမ်းမဖွင့်သေးလို့ရှိရင်တော့ MOU ကိစ္စကတော့ ဘယ်လိုမှလုပ်လို့ အဆင်ပြေဦးမှာ မဟုတ်ဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမား လိုအပ်ချက်ကြောင့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမားများအား MOU စနစ်ဖြင့် လူဦးရေ ၄ သိန်းကျော် ခေါ်ယူမည်ဖြစ်ကာ  ဒီဇင်ဘာ ၁ ရက်မှ စတင် မှတ်ပုံတင်နိုင်ပြီး ဇန်နဝါရီလတွင် အလုပ်သမားများအား နယ်စပ်ဂိတ်မှတဆင့်ခေါ်ယူရန် ထိုင်းအစိုးရမှ စီစဉ် နေခြင်းလည်း ဖြစ်သည်။

ထိုသို့ခေါ်ယူရာတွင် ထိုင်းနိုင်ငံမှ အလုပ်ရှင်နှင့် အေဂျင်စီများက မိမိတို့တွင် အလုပ်ခွင်ရှိကြောင်း၊ အလုပ်သမား လိုအပ်ချက်မှာ မှန်ကန်ကြောင်း လိုအပ်သည့် စာရွက်စာတမ်းများ ပြင်ဆင်ပြီး အလုပ်သမားနှင့် အလုပ်အကိုင် ရှာဖွေခန့်ထားရေး လျှောက်ထားရမှာဖြစ်ကာ အချက်အလက်များ ပြည့်စုံပါက သက်ဆိုင်ရာ အာဏာပိုင်များ ဘက်မှ အထောက် အထား စာရွက်ထုတ်ပေးမည် ဖြစ်ကြောင်းသိရသည်။

MOU စနစ်ဖြင့်ခေါ်ယူရာတွင် ထိုင်းနိုင်ငံ၌ ကွာရန်တင်းဝင်ရန်၊ ဆေးစစ်ရန်၊ ဆေးထိုးရန်၊ လုပ်ကိုင်ခွင့်လက်မှတ် ၂ နှစ်လျှောက်ထားရန်အတွက် ကုန်ကျစရိတ်မှာ အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ နှစ်သောင်းကျော်အထိ ရှိကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားများသည် ဖမ်းဆီးခံရမှုများရှိနေသော်လည်း တရားမဝင်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ ဆက်လက်သွားရောက်နေမှုများ ရှိနေခြင်းမှာ ထိုင်းအာဏာပိုင်များမှ အထောက်အထားမဲ့ တရားမဝင်အလုပ်သမားများအား ယခုလို တရားဝင် မှတ်ပုံတင်ခွင့်ပြုပေးနေခြင်းတို့ကြောင့်လည်း ဖြစ်သည်။

တရားမဝင် သွားရောက်ရာတွင် နေရာပေါ်မူတည်ကာ တစ်ဦးလျှင် ပွဲစားခ ဘတ် ၁၅၀၀၀(တစ်သောင်းခွဲ) မှ ဘတ် ၃၀၀၀၀(သုံးသောင်း) ဝန်းကျင်အထိပေးရကြောင်း သိရသည်။

“နောက်တစ်ခုက မြန်မာပြည်ထဲမှာ အလုပ်အကိုင်ရှားပါးတာတွေရယ် လက်ရှိ နိုင်ငံရေးအခြေအနေတွေ ရယ်ကြောင့်မို့လို့လည်း ဒီလောက်အန္တရာယ်ကြီးတဲ့ကြားက ကျနော်တို့ရဲ့သက်တမ်းမှာတော့ စရိတ်စက အများဆုံးပေါ့လေ။ ဒါကြောင့် မြန်မာနိုင်ငံသားတွေက အဖမ်းအဆီးများတဲ့ကြားထဲက လာနေကြတာလို့ ကျနော်တို့ သုံးသပ်လို့ရတယ်။ ထိုင်းအစိုးရကတော့ သူတို့နိုင်ငံမှာ ကိုဗစ်ကိစ္စကို ကြပ်ကြပ်မတ်မတ်နဲ့ ရဲတွေပါ သင်တန်းပေးပြီးတော့ ဖမ်းဆီးအရေးယူမှုတွေလုပ်နေတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင်မှု လမ်းကြောင်းကနေ လာဖို့ပဲ ရွေးချယ်စေချင်တယ်။ တရားမဝင်ဘဲလာရင် မလိုလားအပ်တဲ့ အလုပ်သမား အခွင့် အရေးချိုးဖောက်ခံရတာမျိုးတွေ၊ လူကုန်ကူးခံရတဲ့ကိစ္စမျိုးတွေကြုံတွေ့ရနိုင်တယ်” ဟု FED မှ  အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမား ၄၀၀၀၀၀(လေးသိန်း)ကျော် ခေါ်ယူ မည်ဖြစ်ကာ မြန်မာနိုင်ငံမှ အလုပ်သမား ၂၀၀၀၀၀(နှစ်သိန်း) ကျော် ခေါ်ယူမည်ဖြစ်သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း မြန်မာအလုပ်သမားဦးရေမှာ ၃ သန်းကျော်ရှိကြောင်း သိရသည်။