၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၂၇
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်မှ ကွန်တိန်နာဖြင့် ကုန်သွယ်ရာမှာ တစ်ခေါက်ကို ကုန်ကျစရိတ် သိန်း ၂၀ နီးပါးရှိသည့်အတွက် ကုန်သည်နှင့် တောင်သူများအတွက် ဈေးကွက်မကိုက်ဘဲ ကွန်တိန်နာကုမ္ပဏီကို လုပ်ကျွေးသလိုဖြစ်နေဟု ကုန်သည်များက ပြောသည်။
ယခင်က ကုန်ကားဖြင့် ကုန်သွယ်ရာတွင် ကုန်သွယ်ခမှာ တစ်ခေါက်လျှင် ၅ သိန်းကျော်သာ ကုန်ကျပြီး ယခုစမ်းသပ်ကာလ အနေဖြင့် ကုန်သွယ်ရာ၌ ခေါက်တို ကွန်တိန်နာစနစ်နှင့် ရှန်တိန် ယာဉ်မောင်း စနစ်များဖြင့်သာ စတင် လည်ပတ်ရန် သဘော တူညီ၍ ဆောင်ရွက်နေသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရှန်တိန်ဖြင့် အဆင့်ဆင့် ကုန်သွယ်ခ၊ ပိုးသတ်ဆေးဖြန်းခ၊ ဆေးစစ်ခ၊ ကွန်တိန်နာ ငှားရမ်းခ၊ ကရိန်း အတင်/အချ ခ၊ ကွန်တိန်နာအား တင်ရန်ကားခ စသည်တို့ကြောင့် သိန်း ၂၀ နီးပါး ကုန်ကျနေကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။
ဦးမင်းသိန်းက “စမ်းသပ်ကာလကို ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀။ (၅)ရက် သတ်မှတ်ထားတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကနေ စပြီးတော့ ကွန်တိန်နာ အလုံးရေ ထပ်တိုးပေးမယ်။ ၁၀ လုံးဖြစ်မလား၊ အလုံး ၂၀ ဖြစ်မလား၊ အလုံး ၅၀ ဖြစ်မလား၊ အလုံး ၁၀၀ ဖြစ် မလား ဖြစ်တော့ဖြစ်မယ်။ ၁၀ လုံးတော့ မကပါဘူး၊ အနည်းဆုံး အလုံး ၅၀ လောက် သွားမလားမသိဘူး။ မညှိလို့ ဘယ်ရမလဲ အားလုံး ဝိုင်းအော်နေကြပြီ။ မညှိလို့ရှိရင် ဒီကုမ္ပဏီကို လုပ်ကျွေးသလို ဖြစ်သွားမှာပေါ့ တို့မစားရပဲနဲ့။ ကုန်သည်တွေ အမြတ် မရှိပဲနဲ့ ကုမ္ပဏီကပဲ လက်ဝါးကြီး အုပ်သွားမှာပေါ့။ ဒါက ၄၊ ၅ ရက်ဆိုတော့ တို့မပြောသေးဘူး။ အလုံးရေ များမယ်ဆို တို့က စကားပြောလာတော့မှာ။ သူတို့ ကုမ္ပဏီတစ်ခုတည်းပဲ ကွန်တိန်နာက ကိုင်ထားတော့ တခြားကုမ္ပဏီတွေက အပြိုင်မရှိတော့ သူတို့ကုမ္ပဏီပဲ သုံးရမှာ။ မသုံးမဖြစ် သုံးရမှာဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဈေးတွေမြှင့်လိုက်တာ ဘာမှမဟုတ်ပဲနဲ့” ဟု CNI သို့ ပြော သည်။
ပုံ-ကွန်တိန်နာဘောက်စ်များကိုတွေ့ရစဉ်။
ထို့နောက် အစည်းအဝေး ပြုလုပ်၍ ကုန်သည်များ၏ တင်ပြချက်အား နားထောင်ပြီး ကွန်တိန်နာဖြင့် ကုန်သွယ်နေရမှု ဈေးနှုန်းများ လေ့လာသွားမည် ဖြစ်ကြောင်း၊ထိုသို့ လေ့လာပြီးပါက ကွန်တိန်နာကုမ္ပဏီနှင့် ညှိနှိုင်း၍ ဈေးနှုန်းလျှော့ချရန် အစီအစဉ်ရှိကြောင်း သိရသည်။
၁၀၅ မိုင်အဝင် ကားရပ်နားကွင်းမှ ကုန်သွယ်ရေးဇုန်အထိ ရှိန်တိန်ခ ၄၅၀၀၀ ကျပ်၊ ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့ဂိတ် အထိ ရှန်တိန်ခ ၁၀၀၀၀၀(တစ်သိန်း)၊ ကွန်တိန်နာဘောက်စ် ငှားရမ်းခ တစ်ရက်လျှင် ၆၀၀၀၀(ခြောက်သောင်း)ကျပ်၊ ကရိန်း အတင်/အချခ ၆၀၀၀၀(ခြောက်သောင်း)ကျပ်၊ ကွန်တိန်နာဘောက်စ် တင်ရန် ကားခ ၁,၀၀၀,၀၀၀(ဆယ်သိန်း)ကျော် စသဖြင့် ကုန်ကျမည်ဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။
အဆိုပါ ကုန်ကျစရိတ်မှာ တောင်သူများကို အဓိက ထိခိုက်နိုင်ပြီး ပြည်တွင်းတွင်လည်း တရုတ်ဘက်မှ တင်သွင်းသည့် ကုန် ပစ္စည်းများ ဈေးတက်လာနိုင်ကြောင်း၊ ထို့ကြောင့် ကုန် သွယ်စရိတ် လျှော့ချသင့်ကြောင်း ကုန်သည်များက ဆိုသည်။
ပုံ-ကွန်တိန်နာများကို တဖက်သို့ ရှန်တိန်လုပ်နေစဉ်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်က ကုန်တင်ပြီး မူဆယ် (၁၀၅) မိုင်သို့ တက်လာသည့် ကုန်တင်ကား တချို့ကို မူဆယ်(၁၀၅)မိုင် အဝင်တွင် ကိုဗစ် ရှိ၊ မရှိ စစ်ဆေးရာမှာ ကုန်တင်ယာဉ်မောင်း တစ်ဦး၌ ကိုဗစ် ရောဂါတွေ့ရှိသည်ဟု ပါရမီ လူမှုကူညီရေး အသင်း (၁၀၅)မိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ယာဉ်မောင်းတစ်ဦး positive တွေ့တယ်။ ခြောက်ဘီးကုန်ကား ယာဉ်မောင်းတစ်ဦး။ အဲ့ဒါ ကုတင် ၁၀၀၀ ကုသရေး စင်တာမှာ ပို့ထားတယ်။ လာတဲ့ ကုန်ကားတွေပဲ အဓိ က စစ်တာပေါ့။ သူနဲ့ထိတွေ့တဲ့ ယာဉ်နောက်လိုက်ကိုလည်း ကုသရေး စင်တာမှာ ပို့ထားပေးရတာပေါ့။ သီးသန့်တော့ ခွဲထားပေးတာပေါ့။ ကားတွေကလည်း လာတာသိပ်မရှိဘူး နည်းသေးတယ်” ဟု CNI သို့ပြောသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များအား တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၈ ရက် နေ့ ကတည်းက ပိတ်ထားခဲ့ပြီး လက်ရှိတွင် ကျင်စန်းကျော့ဂိတ် တစ်ခုတည်းသာ စမ်းသပ်ကာလဖြင့် ဖွင့်နေခြင်း ဖြစ်သည်။