၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ ငွေရည်ပုလဲကုမ္ပဏီမှ ဒေသခံပြည်သူများ၏ ဆန္ဒကို အလေး ထားသည့်အနေဖြင့် သတ္ထုတူးဖော်ရေးလုပ်ငန်းများစတင်ရန် ပြင်ဆင်နေမှုကို ရပ်ဆိုင်းပေးရန် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က တောင်းဆိုခဲ့သည်။

“နမ့်မအတွင်းမှာ အာဏာမသိမ်းခင်က ကုမ္ပဏီက ရွာသားတွေနဲ့ လက်မှတ်ရေးထိုးပြီး သဘောတူညီချက်တွေ ယူထားတယ်။ နောက်ထပ်ပြီး မတူးတော့ဘူးပေါ့နော်။ သတ်မှတ်ထားတဲ့ကာလနဲ့ သတ်မှတ်ထားတဲ့ နေရာ လောက်ပဲ တူးမှာပေါ့။ ဒါပေမယ့် အာဏာသိမ်းပြီး ၄ ပတ်အကြာလောက်မှာ သူတို့က လက်မှတ်ရေးထိုး ထားတာတွေကို ဖျက်သိမ်းပြီးတော့ ဆက်တူးမယ်ပေါ့” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ စိုင်းရွက်လွင်က CNI သတင်းဌာနသို့ ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင် ဒေသခံများနှင့် ‌‌ငွေရည်ပုလဲကုမ္ပဏီတို့၏ သဘောတူညီချက်တွင် ဒေသခံ လယ်ယာသမားတို့၏ လယ်ယာမြေများကို ထိခိုက်နစ်နာမှု မရှိစေဘဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအထိ ခွင့်ပြုချက်ရထားသည့်ဒေသတွင်သာ တူးဖော်ရန်၊ ကွဲအက်ခြင်း/ ပျက်စီးခြင်းများရှိလျှင် လယ်ယာမြေများအား ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ပြီးစီးအောင် ပြန်လည်ပြုပြင် မွမ်းမံ‌ပေးရန်တို့ ပါဝင်သည်။

ထို့အပြင် တူးဖေါ်ရေးလုပ်ငန်းအတွက် ခွင့်ပြုချက်ပေးထားသည့်နေရာမှအပ စိုက်ပျိုးရေးခြံမြေနှင့် ရေဝေကြော ဒေသများအား ကျူးကျော်မှုမပြုလုပ်ရန်နှင့် ခွင့်ပြုချက်ပေးမထားသော ဧရိယာတွင် ထိခိုက်ပျက်စီးစေလျှင် ကုမ္ပဏီမှ ကျပ်ငွေတန်ဘိုး ၁ ဘီလီယန် (၁,၀၀၀,၀၀၀,၀၀၀)တိတိ လျော်ကြေးပေးဆောင်ရန် သဘောတူခဲ့ ကြသည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တပ်မတော်မှ အာဏာရယူပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကုမ္ပဏီက ဒေသခံရှမ်းအရာရှိများနှင့်တွေ့ဆုံကာ ယခင်သဘောတူညီချက်များ ပျက်ပြယ်ပြီဖြစ်ကြောင်း ယင်းဒေသတွင်းရှိ ကျောက်မီးသွေးများ တူးဖော်မည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။

ငွေရည်ပုလဲကုမ္ပဏီသည် ၂၀၀၄ ခုနှစ်ကတည်းက သတ္ထုတူးဖော်မှုကို သီပေါမြို့နယ် နားကွန်ကျေးရွာနှင့် ကုန်းပေါင်းကျေးရွာအနီးတွင် တူးဖော်ခဲ့သည်။

ယင်းတူးဖော်မှုကြောင့် လယ်ယာမြေများ၊ ဆည်မြောင်းနှင့်ရေအရင်းအမြစ်တို့ ဆုံးရှုံးပျက်စီးခြင်း ရေထု လေထု ညစ်ညမ်းမှုများ ဖြစ်စေခြင်းနှင့် လူဦးရေ ၃၀၀၀ ကျော် ဆိုးကျိုးခံစားခဲ့ရခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က ထုတ်ပြန်ခဲ့သည်။

စိုင်းရွက်လွင်က “အခုက ဆက်တူးနေပါတယ်ခင်ဗျ။ လက်ရှိဆိုရင်တော့ (၂) နေရာပေါ့နော်။ ကုန်းပေါင်းနဲ့ နားကွန် နှစ်နေရာတူးတယ်။ နောက်ထပ် နေရာသစ်တစ်နေရာပေါ့နော် နားဖာ့ဆိုတဲ့နေရာ တူးချင်လာတယ်။ အဲနေရာမှာ တူးချင်လာတာဆိုရင် အဲနေရာက ရေဝေကြောဆိုတော့ ဒေသခံတွေကတော့ သဘာဝရေအရင်းအမြစ်တွေ၊ သဘာဝဘေးပတ်ဝန်းကျင်တွေ ထိခိုက်နိုင်တာပေါ့လေ။ ဒါတွေမကပါဘူး လယ်၊ ယာခြံမြေတွေလည်း ထိခိုက် တာပေါ့” ဟု ပြောသည်။

ယခင် ငွေရည်ပုလဲကုမ္ပဏီနှင့် ရွာသားများ သဘောတူခဲ့သည့် ပျက်စီးသွားသည့် လယ်ယာမြေများ ပြန်လည် ပြုပြင်ပေးမည်ဆိုသည့် ကိစ္စလည်း မပြုလုပ်ပေးသည့်အပြင် လျော်ကြေးငွေ ပေးအပ်ခြင်းလည်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

သတ္ထုတူးဖော်ခြင်း ကိစ္စနှင့် ပတ်သက်၍ ငွေရည်ပုလဲကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များထံ ဆက်သွယ်ခဲ့ရာ အထက် လူကြီးများ မရှိသေးကြောင်း၊ ယနေ့ (နိုဝင်ဘာ ၂၇)တွင် ပြန်လည်ဆက်သွယ်ရန် ပြောကြားခဲ့သဖြင့် ထပ်မံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

၂၀၀၉ ခုနှစ်တွင် ငွေရည်ပုလဲကုမ္ပဏီက ဟိုနားဖာ့တွင် တူးဖော်ရေးလုပ်ငန်းများ စတင်ရန် ပြင်ဆင်ခဲ့သော်လည်း ဒေသခံလူထုခေါင်းဆောင်များ ကန့်ကွက်နိုင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ဧပြီလ၌ ရေဝေကြောခွင်တွင် တူးဖော်ရေး လုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံများမှ ရှမ်းပြည်တိုးတက်‌ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံ တိုင်တန်း အကူအညီတောင်းခံမှုကြောင့် ရပ်ဆိုင်းခဲ့သည်ဟု သိရသည်။