CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆

ပြည်သူများ ဘဏ်အသီးသီးတွင် အပ်နှံထားသော ငွေကြေးများကို ပြန်လည် ထုတ်ယူရန် အခက်အခဲများ ရှိနေသော်လည်း အပ်ငွေများ မဆုံးရှုံးစေရဘူးလို့ နစကအနေဖြင့် အာမခံကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၂၆ ရက်) နေပြည်တော်တွင် ကျင်းပသည့် နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၀/၂၀၂၁) သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။


ပုံ-ဘဏ်အပ်ငွေများ

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒါကတော့ မူဝါဒဆိုင်ရာ မေးခွန်းဖြစ်ပါတယ်၊ ကျနော်ပြောချင်တဲ့ မဟာဗျူဟာ မေးခွန်းဆိုတာ အဲ့တာပဲ ဖြစ်ပါတယ်။ မဟာဗျူဟာ မေးခွန်းဆိုရင် ကျနော်အာမခံလို့ ရတယ်။ နည်းဗျူဟာ မေးခွန်းဆိုရင် နည်းဗျူဟာအရ အာမခံလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဟာဗျူဟာနဲ့ နည်းဗျူဟာမတူပါဘူး။ မဟာဗျူဟာဆိုတာ ရည်မှန်းချက် တိကျ ခိုင်မာရမယ်။ နည်းဗျူဟာဆိုတာ ပြောင်းလွယ်ပြင်လွယ်ရှိတယ်။ နိုင်ငံတိုင်းပဲ ကျနော်တို့ နိုင်ငံမှ ဖြစ်နေတာ မဟုတ်ဘူး။ မဟာဗျူဟာဆိုတာ ရည်မှန်းချက် တိကျခိုင်မြဲရမယ်။ ခုနက မေးတဲ့မေးခွန်းက မဟာဗျူဟာမေးခွန်း ဖြစ်တဲ့အတွက် ကျနော် တို့ အနေနဲ့ နိုင်ငံတော်အစိုးရအနေနဲ့ပေါ့ ပြည်သူများသည် ဘဏ်ထဲမှာ ထည့်ထားတဲ့ ငွေနဲ့ပတ်သက်ပြီး မဆုံးရှုံးရစေဘူးလို့ ရဲရဲကြီး ကျနော်အာမခံ ရဲတယ်”ဟု ပြောသည်။

သတင်းထောက် တစ်ဦးက ဘဏ်များတွင် အပ်နှံထားသော ငွေကြေးများ ဆုံးရှုံးမည်ကို ပြည်သူများက စိုးရိမ်နေကြသည့် အပေါ် မဆုံးရှုံးစေရဘူးလို့ အာမခံနိုင်ပါသလားဟု မေးမြန်းရာမှာ ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပုံ-ငွေထုတ်ရန် စောင့်နေကြစဉ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “ခုနပါတဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ အခက်အခဲရှိတယ်။ ငွေထုတ်ငွေသွင်းတဲ့ အခါမှာ ဒါဆိုရင် ဘယ်လို ထုတ်ကြမလဲ၊ ဒါဆိုရင် ဘယ်လိုဖြစ်ကြမလဲ။ဒါဆိုရင် ကျမထည့်ထားတဲ့ငွေတွေ အကုန်လုံးမှာ ကျမ သိန်း ၁၀၀၀ ထည့်ထားတယ်။ ဒီနေ့ နာရီပိုင်း အတွင်းပဲ ထုတ်ချင်တယ်။ အာမခံလားဆိုတဲ့ဟာမျိုး ခင်ဗျားငွေ မဆုံးဘူးဆိုတာကို အာမခံ တယ်။ ခုနက နည်းဗျူဟာပိုင်း တစ်နာရီ နှစ်နာရီအတွင်း ထုတ်ချင်တယ်ဆိုတဲ့ဟာက နည်းဗျူဟာပိုင်းနဲ့ ပတ်သက်သွားပြီ ကျနော်က ဒီနေရာမှာ အာမခံလို့ မရဘူး။ တချို့ဟာတွေတော့ ကျနော်တို့ ဝန်ခံပါတယ်။ ဘာကြောင့်ဆို ဘဏ်တွေကို ငွေ ထုတ်ပေးဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကိုယ်တိုင်က ကန့်သတ်ထားတာတွေ ရှိပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဖြစ်ပါတယ်။ ငွေကြေး လည်ပတ်မှုနှုန်းတွေ၊ ပြီးရင် ငွေကြေး ထိုးနှက်တိုက်ခိုက်မှုတွေအရ ကျနော်တို့ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ဒါတွေကို အမြန်ဆုံး ဖြေလည်အောင်တော့ ကျနော်တို့ ဆောာင်ရွက်နေတယ်လို့ပဲ ပြောချင်ပါ တယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဘဏ်များ၌ အပ်နှံထားသော ငွေများ ပြန်လည် ထုတ်ယူရာမှာ ရာခိုင်နှုန်းပေး၍ ထုတ်ယူနေရ သလို လွယ်လင့်တကူ ငွေသား ထုတ်ယူခွင့်မရဘဲ ဖြစ်နေသည်။

ထို့ပြင် သိန်း ၂၀၀ အထက် ငွေကြေး ပေးချေမှုများကိုလည်း ဘဏ် ဝန်ဆောင်မှုများဖြင့်သာ ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားခြင်းကြောင့် လုပ်ငန်းလည်ပတ်မှုများ အခက်အခဲများ ကြုံတွေ့နေရသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။