CNI News
၂၀၂၁ နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်တွင် ခရီးသွားဝင်ရောက်မှု များပြားလာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကျဆင်းလာခြင်းတို့ကြောင့် ဒေသ တွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ ၆၀ ရာခိုင်နှုန်းကျော် ပြန်လည်ဖွင့်လှစ်လာကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီး သွားဝန်ကြီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း ၁၀၀ ရှိသည့်အနက် လက်ရှိတွင် ၆၆ လုံး ပြန်လည် ဖွင့်လှစ်လာ ကြောင်း၊ အများစုမှာ ငပလီကမ်းခြေရှိ ဟိုတယ်များဖြစ်ကြောင်း၊ ငပလီကမ်းခြေဒေသတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း ၆၅ လုံးရှိကာ လက်ရှိတွင် ၃၉ လုံး ဖွင့်လှစ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ငပလီရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇေယျက CNI သို့ ပြောသည်။
၎င်းက “ပြည်တွင်းခရီးသွားတွေ ပြန်ရောက်လာတာနဲ့ တဖြည်းဖြည်း ခရီးတွေသွားကြ လူတွေက ကိုဗစ်ကူးစက်မှုနှုန်းတွေ ကျလာလေ ခရီးသွားတွေက ပြန်ပြီးတော့ အားလပ်ရက်တွေမှာ သွားကြတာပဲလေ။ အဲလို သွားလာကြတဲ့အခါမှာ အခုတစ်လ ဆိုရင် တဖြည်းဖြည်းနဲ့ တိုးပြီးတော့ ဟိုတယ်တွေက ကိုဗစ် စည်းကမ်းချက်နဲ့အညီ ဖွင့်လှစ်ခွင့်ပြုဖို့ တင်ပြလာပြီးတော့ ဖွင့်လှစ်လာတာ အခု ၃၉ လုံး ရှိသွားပြီ။ နောက်ထပ်လည်း တင်ပြထားတဲ့ဟာတွေ ရှိတော့ အစ်ကိုတို့က ပူးပေါင်းအဖွဲ့နဲ့ စစ်ပြီး တော့ ဖွင့်လှစ်ခွင့်ကို ပြန်လည်ပြီးတော့လည်း ထုတ်ပေးသွားမှာပါ”ဟု CNI သို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် ငပလီကမ်းခြေဒေသသို့ ခရီးသွား ဝင်ရောက်မှုအနေဖြင့် နိုင်ငံခြားသား ၁၀၄ ဦးနှင့် ပြည် တွင်း ခရီးသွား ၃၇၁၈ ဦးရှိကြောင်း၊ လက်ရှိ နိုဝင်ဘာလအတွင်းမှာတော့ နိုင်ငံခြားသား ခရီးသွား ၉၅ ဦးနှင့် ပြည်တွင်း ခရီးသွား ၄၂၃၄ ဦး လာရောက်ထားကြောင်း ငပလီရုံးခွဲ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရ သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှု တဖြည်းဖြည်း များပြားလာသော်လည်း ယခင်က ကိုဗစ်-၁၉ ကူးစက်မှု ကြောင့် အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ရသည့်အတွက် ဟိုတယ်တချို့မှာ ပြန်လည် ပြုပြင်ရေး လုပ်ဆောင်ရန် လိုအပ်နေသလို ဝန်ထမ်းစရိတ်များ ပေးနိုင်ရန် အခက်အခဲများ ရှိနေသေးကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငွေရေးကြေးရေး အခက်အခဲ ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကလည်း သူတို့ တစ်နှစ်ကျော် ပိတ်ထားတာလေ။ သူတို့စီးပွား တစ်နှစ် ကျော် ရပ်ထားတဲ့ အခါကျတော့ သူတို့ ပြန်ဖွင့်မယ်ဆိုရင် အလုပ်သမား ရှာရမယ်၊ ဟိုတယ်တွေ ပြန်ပြီးတော့ အဆင့်မြင့် အောင် လုပ်ရမယ်၊ ဒီအတွက် ပိုက်ဆံလိုတယ်။ ဝန်ထမ်းခန့်ဖို့အတွက် ပိုက်ဆံလိုတယ် လစာပေးရမှာလေ။ ဒီအတွက်လည်း သူ့မှာ လုပ်ငန်းလည်ပတ်ဖို့အတွက် အများကြီး စဉ်းစားရတာပေါ့။ ဒါက ငွေကြေး ချို့တဲ့နေတဲ့ လုပ်ငန်းရှင်။ နောက်တစ်ခုက ငွေကြေးတော့ ရှိတယ်။ သူပစ်မှတ်ထားတဲ့ ဧည့်သည်က နိုင်ငံခြားသား ဧည့်သည်ဆိုရင် ဒီဧည့်သည်လာတဲ့ အထိ စောင့်တာ မျိုးတွေလည်း ရှိတာပေါ့” ဟု CNI သို့ ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသူများအနေဖြင့် လေယာဉ်ဖြင့် ခရီးသွားလာနိုင် ကြောင်း ထုတ်ပြန်ထားသည့်အတွက် ရခိုင်ပြည်နယ်သို့ ခရီးသွားများ ပိုမို ဝင်ရောက်လာနိုင်ကြောင်း ဦးတင်ထွန်းအောင်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ်၊ ငပလီတွင် ဆောင်းဉီးပွဲတော် ကျင်းပခဲ့ပြီး သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင် ပွဲတော်ရက်များအတွင်း ငပလီကမ်းခြေသို့ လာရောက် လည်ပတ်သူ များပြားခဲ့သည်။