၂၀၂၁ နိုဝင်ဘာ ၂၅
အမေရိကန်နိုင်ငံသို့ မြန်မာ့လက်ဖက်အစို ပေါင်ချိန် ၄၀၀၀၀(လေးသောင်း) ခန့် တင်ပို့နိုင်ရေး ဈေးကွက်ညှိနှိုင်းမှုများ လုပ်နေ ကြောင်း လက်ဖက်ကုမ္ပဏီတစ်ခုဖြစ်သည့် ရသာဝတီကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ကွန်တိန်နာ ငှားရမ်းခများ ဈေးနှုန်းမြင့်တက်နေခြင်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ ယခင်နှစ်များထက် မြင့်မားနေခြင်းကြောင့် လက်ဖက်အစို ဝယ်ယူမည့် အမေရိကန်ရှိ ကုမ္ပဏီနှင့် ဈေးနှုန်းညှိနှိုင်းနေကြောင်း ၎င်းက ပြောသည်။
ဦးမျိုးဝင်းအောင်က “ကျနော်တို့က ဒီဘက်ကနေ Free On Bord နဲ့ ကျနော်တို့ကုမ္ပဏီက သင်္ဘောပေါ်အရောက်စနစ်နဲ့ ရောင်းချတယ်။ ရောင်းချ တဲ့ အခါမှာ ဈေးနှုန်းက များများစားစား ပြောင်းလဲမှု မရှိပါဘူး။ ဒါပေမယ့် အခုလက်ရှိ အခြေအနေ တွေမှာ သင်္ဘောတင်တဲ့ ကွန်တိန်နာ အခက်အခဲတွေ၊ နောက်တစ်ခါ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ၃/၄ ဆ တက်လာတဲ့ အပေါ်မှာ သူတို့ ကုမ္ပဏီ တွေ အနေနဲ့ စဉ်းစားနေတယ် ထင်ပါတယ်။ ကျနော်တို့ အားလုံးပေါင်းရင်တော့ ပေါင်ချိန်(၄၀၀၀၀) လေးသောင်းပါဗျ။ ပေါင် ၄၀၀၀၀ ဆိုတော့ ကျနော်ထင်တယ် ၁၉ တန်လောက် ရှိမယ်ဗျ။ အော်ဂဲနစ်အနေနဲ့က ပေါင် တစ်သောင်း၊ အော်ဂဲနစ် မဟုတ် တာက ပေါင်း သုံးသောင်းပါ”ဟု CNI သို့ ပြောသည်။
လက်ရှိတွင် မြန်မာ့လက်ဖက်အစိုကို ဒူဘိုင်း၊ တရုတ်၊ ထိုင်ဝမ်၊ ဗြိတိန် စသည့် နိုင်ငံများသို့ စမ်းသပ်တင်ပို့မှုများ လုပ်ဆောင် နေကြောင်း၊ ကိုရီးယားနိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်း ၎င်းက ပြောသည်။
ဦးမျိုးဝင်းအောင်က “နောက်ထပ် ကမ်းလှမ်းထားတဲ့ နိုင်ငံတွေနဲ့ ဈေးကွက် စစမ်းဖို့က ဒူဘိုင်းတို့ ရှိပါတယ်ခင်ဗျ။ တခြား နိုင်ငံတွေကို ဈေးကွက် စမ်းပြီး ပို့နေတာတွေ ရှိပါတယ်။ ဈေးကွက်စမ်းပြီး ပို့နေတာ ဥပမာ တရုတ်ပြည်ကိုလည်း လက်ဖက်ကို စမ်းသပ်ပြီးမှ ကျနော် တို့ ကိုယ်တိုင် စပြီး နည်းနည်း ပို့နေတာ ရှိတယ်။ ထိုင်ဝမ် ရှိတယ်။ ယူကေ ရှိပါတယ်။ ယူအက်စ် က တော့ နှစ်ယောက်လောက် ရှိပါတယ်ခင်ဗျ”ဟု CNI သို့ ပြောသည်။
မြန်မာ့ လက်ဖက်အစိုကို ပြည်ပပို့ နှစ်စဉ် တန် ၂၀ ခန့် တင်ပို့လျှက်ရှိပြီး တစ်ပိဿာလျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ ရှိ ကြောင်း၊ မြန်မာ့လက်ဖက်အစို ပြည်ပနိုင်ငံသို့ တင်ပို့မှုကို လွန်ခဲ့သည့် ၃ နှစ်ကတည်းက တင်ပို့နေခြင်း ဖြစ်ကြောင်း သိရ သည်။
ယခင်က ပြည်ပနိုင်ငံများသို့ မြန်မာ့လက်ဖက်အစိုကို တင်ပို့ရာတွင် တစ်နိုင်တစ်ပိုင် အဖြစ်သာ တင်ပို့ခဲ့ရာမှ ယခုတင်ပို့ရန် ကြိုးပမ်းနေသည်မှာ ပေါင်ချိန် ၄၀၀၀၀(လေးသောင်း)ရှိပြီး တစ်ကြိမ်တည်းမှာပဲ ကွန်တိန်နာများဖြင့် တင်ပို့မှာဖြစ်ကောင်း သိရသည်။