၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်တွင် စပါးစိုက်ဧက ပုံမှန်ရှိသော်လည်း စပါးထွက်ရှိမှုနှုန်းမှာ ယခင်နှစ်များထက် ၄၀ ရာခိုင်နှုန်းနီးပါး လျော့ကျ သွားနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ် သမားသမဂ္ဂဥက္ကဋ္ဌ ဦးအောင်ကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရခိုင်ပြည်နယ် တစ်ပြည်လုံး အတိုင်းအတာအရ ခန့်မှန်းထားတာတော့ ၄၀ အောက် ၃၅ အထက်ပေါ့။ ထက်ဝက်တော့ မကျနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ထက်ဝက်လောက် လျော့ကျသွားနိုင်တယ်ဆိုတဲ့ အနေအထားက အဲဒီ ဒေသတစ်ခုပေါ် အခြေခံပြီး ပြောတာဖြစ်မယ်”ဟု CNI သို့ ပြောသည်။
ယခုနှစ် ရခိုင်ပြည်နယ်တွင် ယခင်နှစ်များနည်းတူ စိုက်ဧက ၈ သိန်းကျော် ရှိသော်လည်း စပါးထွက်ရှိမှုနှုန်း လျော့ကျရ ခြင်း သည် ရခိုင်ပြည်နယ်ရှိ ဒေသတချို့၌ ရေကြီးမှုနှင့် ကြုံတွေ့ရခြင်း၊ စိုက်ပျိုးရေးမှာ အသုံးပြုသည့် ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်ခြင်း စသည့် အခြေအနေများကြောင့်ဟု တောင်သူတစ်ဦးဖြစ်သူ ဦးအောင်ကျော်မြက ရှင်းပြသည်။
၎င်းက “အကုန်လုံး ရခိုင်တစ်ပြည်နယ်လုံးကို ကြည့်လိုက်မယ်ဆိုရင်တော့ အထွက်နှုန်းက လျော့ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်လည်း တောင်သူလယ်သမားတစ်ယောက်ပဲ။ ဓာတ်မြေဩဇာက ဈေးက မတရားတက်လာတဲ့အခါ၊ သွင်းအား စုတွေ မတရား မြင့်တက်လာတဲ့အခါ ရလာတဲ့ စပါးဈေးနှုန်းနဲ့ မကာမိဘူး။ နောက်တစ်ပိုင်းက တချို့တောင် သူတွေကျတော့ လည်း ဓာတ်မြေဩဇာက နှစ်အိတ် သုံးရတဲ့နေရာမှာ တစ်အိတ်ပဲ သုံးလိုက်နိုင်တယ်ဆိုတော့ စပါးအထွက်နှုန်းက လျော့ကျ တာတွေ ရှိတယ်။ ကျနော်ကတော့ ၃၀ ရာခိုင်နှုန်းလောက် လျော့ကျမယ်လို့ ခန့်မှန်းတယ်။ ကျနော်တို့ဆီမှာက စပါးက တစ် ဧကကို ပုံမှန်ဆို တင်း ၆၀ လောက် ထွက်တယ်။ ဒီနှစ်တော့ တင်း ၄၀ လောက်ပဲ ထွက်တော့မယ်လို့ ခန့်မှန်းလို့ရတယ်”ဟု CNI သို့ ပြောသည်။
ထို့ပြင် စပါးရိတ်သိမ်းချိန်တွင် အသုံးပြုသည့် ရိတ်သိမ်းစက်များ ငှားရမ်းခဈေးနှုန်း မြင့်တက်လာခြင်းကြောင့်လည်း တောင်သူများ အခက်တွေ့နေရကြောင်း ဦးအောင်ကျော်မြက ပြောသည်။
၎င်းက “ကျနော်တို့ တောင်သူတွေမှာ စပါးရိတ်မယ့် ရိတ်စက်တွေ အခက်အခဲရှိတယ်။ နောက်ပြီးတော့ ရိတ်စက်တွေမှာလည်း နှစ်စဉ်ဆိုလို့ရှိရင် ရိတ်စက်သမားတွေက ဒီဇယ်ဈေးက မနှစ်ကဆို တစ်သိန်းကျော်လောက်ပဲ ရှိတယ်။ ဒီနှစ်က သုံးသိန်းခွဲ ဝန်း ကျင် လောက်ဆိုတော့ သူတို့ ရိတ်စက်သမားတွေက ဈေးတွေက နှစ်တိုင်း ရိတ်နေတဲ့ ဈေးနဲ့ မရိတ်နိုင်တော့ဘူးလေ။ အဲဒါ ကြောင့် ကျနော်တို့ လယ်သမားတွေမှာ ရိတ်သိမ်းခြွေလှေ့ဖို့အတွက် ဈေးတက်လာတာ တစ်မျိုးဗျာ။ ရိတ်သိမ်းဖိုးတွေ များလာ တယ်၊ ကုန်ကျမှုတွေ ပိုလို့ပိုလို့ များလာတယ်။ အဲဒါ အခက်အခဲတွေ ရှိပါတယ်” ဟု ပြောသည်။
၂၀၁၉ - ၂၀၂၀ သုတေသန စာရင်းများအရ တစ်ဧကကို စပါးတင်း ၄၀ ခန့် ထွက်ရှိခဲ့ပြီး ရခိုင်ပြည်နယ် တစ်ခုလုံး၏ စိုက်ဧက သည် ၈ သိန်းခွဲရှိသည့်အတွက် စပါးတင်း ၄၀၀ ခန့် ထွက်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ထံမှ သိရသည်။
ယခုနှစ်အတွင်း ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ သံတွဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင် ရာသီဥတု နှင့် သဘာဝဘေးအန္တရာယ်ဒဏ်ကြောင့် စပါးစိုက်ဧက အများဆုံး ပျက်စီးခဲ့ကြောင်း သိရသည်။