CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၄

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်မှ ကွန်တိန်နာဖြင့် ကုန်သွယ်ခြင်းသည် တစ်ခေါက်လျှင် ခန့်မှန်းခြေ ၁၅ သိန်း‌ကျော်ခန့် ကုန်ကျနိုင်သည့်အတွက် အဆိုပါ ကုန်ကျစရိတ်မှာ တောင်သူများ ကို အဓိကထိခိုက်နိုင်ပြီး ပြည်တွင်းတွင်လည်း တရုတ်ဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဈေးတက်လာနိုင် ကြောင်း ကုန်သည်များက သုံးသပ်သည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “အခုလိုကုန်ကျစရိတ်မြင့်သွားတော့ ဘာပဲပြောပြော အဓိက ထိခိုက်မှာ တောင်သူတွေပဲ။ တို့ကုန်သည်တွေဆိုတာလည်း ကုန်ကျစရိတ်ကိုပေါင်းပြီး ဈေးတည် ရတာလေ။ ဒီလိုပဲ တရုတ်ပြည်က ကုန်ပစ္စည်းတွေသွင်းတော့လည်း စားကုန်သောက်ကုန်တွေ သွင်းလာမယ်။ မြေဆီတွေ သွင်းလာမယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ သွင်းလာမယ်ဆိုရင် ကုန်ကျစရိတ်ကို ထပ်ပေါင်းရမှာပဲ။ ကုန်ကျစရိတ် ထပ်ပေါင်းလို့ရှိရင် ဗမာပြည်က သုံးစွဲသူတွေလည်း ထိခိုက်တာပဲ။ ဒါ့ကြောင့် ကုန်ကျစရိတ်ကိုတော့ နည်းနိုင်သမျှ နည်းအောင် ညှိနှိုင်းသွားမယ်လို့ စီစဉ်ထားပါတယ်”ဟု CNI သတင်းဌာန သို့ ပြောသည်။

နယ်စပ်ဂိတ်များပြန်ဖွင့်ရန် မြန်မာဘက်မှ မြို့လေးမြို့ကို ကိုဗစ်ကင်းစင်နယ်မြေဖြစ်ရန် တရုတ်တောင်းဆို

https://cnimyanmar.com/index.php/local-news/local-health/2486-2021-11-22-08-18-41

နိုဝင်ဘာ ၂၃ ရက်နေ့က မြန်မာဘက်မှ နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိသူတို့ အစည်းအဝေးပြုလုပ်ခဲ့ကြပြီး အဆိုပါ  အစည်းအဝေးတွင် ကိုဗစ်ရောဂါကြောင့် ခေါက်တိုကွန်တိန်နာစနစ်၊ ရှန်တိန်ယာဉ်မောင်းစနစ်များဖြင့်သာ စတင် လည်ပတ်ရန်နှင့် ရှန်တိန်ဖြင့် အဆင့်ဆင့်ကုန်သွယ်ခ၊ ပိုးသတ်ဆေးဖြန်းခ၊ ဆေးစစ်ခ၊ ကွန်တိနာငှားရမ်းခ၊ ကရိန်း အတင်/အချ ခ၊ ကွန်တိန်နာအား တင်ရန် ကားခ စသည်တို့ တွက်ချက်ရာတွင် ၁၅ သိန်း‌ကျော်ခန့် ကုန်ကျမည် ဖြစ်ကြောင်း ခန့်မှန်းခဲ့ကြခြင်းဖြစ်သည်။

ကျင်စန်းကျော့ဂိတ်မှ နှစ်နိုင်ငံကုန်သွယ်မှုအား လာမည့် နိုဝင်ဘာ ၂၆ ရက်နေ့မှစကာ ရက်သတ်မှတ်မထားဘဲ ကွန်တိန်နာ ၅ ပုံးနှုန်းဖြင့် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ကြမည်ဖြစ်ပြီး ယခုကုန်ကျမည့်စရိတ်မှာ ယခင်ကထက် များနေသည်ဟု ကုန်သည်များထံမှ သိရသည်။

ကုန်သည် မနန်း(အမည်လွှဲ)က “အရင်တုန်းက ဘာမှမရှိပါဘူး။ ကိုယ့်ဘာသာကိုယ်ဝင်သွားလို့ရှိရင်တော့ ရှန်တိန်ခ အရင်တုန်းကတော့ ၄၀၀၊ ၅၀၀ (တရုတ်ယွမ်) အလွန်ဆုံးကုန် ၁၀၀၀(တရုတ်ယွမ်)ပေါ့။ ၁၀၀၀ ဆိုတာ အလွန်ဆုံး  ၃ သိန်းပေါ့ ဗမာငွေ။ ၅ သိန်းထားပါဦး အခုကျတော့ သိန်း ၂၀ လောက်သွားကျပြီထင်တယ်။ သူကဘာလဲဆိုရင် တော့ လူလည်းသွားကြည့်လို့မရ၊ ကိုယ့်ကုန်ကို တစ်ခါ မန္တလေးကနေတင်လာတာဖြစ်ဖြစ် ၁၀၅ မိုင်မှာ ချထားတဲ့ ဟာဖြစ်ဖြစ် အဲ့ချထားတဲ့ဟာကို ကားနဲ့တင် တင်ရင် တစ်ခါ တင်ခကုန်မယ်။ ပြီးမှ ကွန်တိန်နာဘောက်စ်ထဲထည့်၊ ထည့်ပြီးတော့မှ သူ့ရဲ့အစီအစဉ်က ပစ္စည်းတွေ ဘာတွေက ၁၀၅ မိုင်မှာရှိနေတယ်။ ရှိနေတယ်ဆိုတော့ သူ ဘယ်လိုတင်မလဲ၊ သူ့ကွန်တိန်နာဘောက်စ်က လာတင်မှာလား။ ဒါမှမဟုတ် ကျမတို့က တင်ပြီးတော့ ကွန်တိန်နာ ဘောက်စ်ကို ကျင်စန်းကျော့နားမှာ သွားပြောင်းပေးမလား။ အဲ့ဒါဆို အလုပ်သမားခ နှစ်ခါကုန်မယ်” ဟု CNI သို့ ပြောသည်။

ကျင်စန်းကျော့ဂိတ်အား စမ်းသပ်ကာလ ၃ ရက်ဖြင့် ယနေ့စဖွင့်

https://cnimyanmar.com/index.php/local-news/local-business/2481-2021-11-22-06-33-24

၁၀၅ မိုင် အဝင်ကားရပ်နားကွင်းမှ ကုန်သွယ်ရေးဇုန်အထိ ရှိန်တိန်ခ လေးသောင်းခွဲကျပ်၊ ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့ဂိတ်အထိ ရှန်တိန်ခ တစ်သိန်း၊ ကွန်တိန်နာဘောက်စ်ငှားရမ်းခ တစ်ရက်လျှင် ‌ခြောက်သောင်းကျပ်၊ ကရိန်း အတင်/အချ ‌ခြောက်သောင်းကျပ်၊ ကွန်တိန်နာဘောက်စ်တင်ရန် ကားခ ဆယ်သိန်းကျော် စသဖြင့် ကုန်ကျမည်ဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား တရုတ်နိုင်ငံဘက်မှ ကိုဗစ်အကြောင်းပြပြီး ဇူလိုင်လ ၈ ရက်နေ့ က တည်းက ပိတ်ထားခြင်းဖြစ်ကာ အချို့ကုန်သည်များသည် ကုန်သွယ်မှုလမ်းကြောင်းပြောင်းပြီး ကုန်သွယ်ကြသကဲ့ သို့ အချို့ကုန်သည်များမှာ ရပ်နားထားရသည်များလည်း ရှိသည်။