၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃

ကိုဗစ်-၁၉ အကြောင်းပြချက်ဖြင့် တရုတ်နယ်စပ်ဂိတ်များ ပိတ်လိုက်ခြင်းကြောင့် တရုတ်ဘက်တွင် ပိတ်မိနေသည့် မြန်မာကုန်ကားများကို နိုဝင်ဘာ ၂၅ ရက်တွင် မြန်မာပြည်ဘက်သို့ ပြန်ထွက်ခွင့်ပြုမည်ဟု ကြားသိရကြောင်း ကုန် ကားသမားတစ်ဦးဖြစ်သူ ကိုရှိုင်းဝေအောင်က CNI သတင်းဌာနသို့ ပြောသည်။

“အခုက မနေ့က ထွက်လာတယ်ဆိုပြီးတော့ တကယ်ထွက်လာတော့ သူတို့ ကွန်တိန်နာကားတွေပဲ ထွက်လာ တယ်။ မနေ့ကတော့ တရုတ်ကွန်တိန်နာ ၅ စီးပဲ ထွက်လာတယ်။ ကျန်တဲ့ကားတွေ ထွက်မလာဘူး။ နောက်ပြီး တော့ ဒီ ၂၅ ရက်နေ့ကျရင် သူတို့ ထွက်ပေးမယ်လို့လည်း ကျနော်တို့ သတင်းကြားမိတာတွေလည်း ရှိတာပေါ့။ အဲနေ့ အခြေအနေ ဘယ်လိုထူးခြားမလဲဆိုတာတော့ မျှော်လင့်ရုံပဲ ရှိတာဗျ။ ကျနော်တို့ဂိတ်က ပြောတာပဲဗျ။ ၂၅ ရက်နေ့ ထွက်နိုင်တယ်။ ထွက်ဖို့ရာရာခိုင်နှုန်း အတော်များတယ်လို့ ပြောတာပေါ့ဗျ။ အထဲမှာ ပိတ်မိနေတဲ့ ကား တွေ အကုန်လုံးပေးထွက်မယ်လို့ ပြောသံကြားတာဗျ။ ဘယ်လိုပြောရမလဲ ထွက်ချင်တာပဲ ကားကို မြန်မြန် ထွက်ချင်တော့တာပဲဗျ” ဟု ပြောသည်။

ကိုဗစ် တတိယလှိုင်း ကူးစက်မှုကြောင့် တရုတ်နိုင်ငံဘက်မှ ဇူလိုင်လ ၆ ရက်နေ့မှစ၍ နယ်စပ်ဂိတ်ပေါက်များကို ပိတ်ထားသည့်အတွက် ယနေ့အချိန်ထိ မြန်မာကုန်ကား အစီးရေ ၅၀၀ ကျော် တရုတ်ဘက်တွင် ပိတ်မိနေခြင်း ဖြစ်သည်။

မူဆယ်တွင် ရောက်ရှိနေသည့် ကုန်သည်တစ်ဦးကတော့ တရုတ်နိုင်ငံဘက်တွင် ပိတ်မိနေသည့် ကုန်ကားများကို ကုန်မပါဘဲ ခါလီအနေဖြင့်သာ ပြန်လည်ထွက်ခွာခွင့်ပြုမှာဖြစ်ကာ ကုန်စည်များကို ကွန်တိန်နာဖြင့် သယ်ဆောင် ပြီးမှသာ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘယ်လိုကြားလဲဆိုတော့ ကုန်တင်ထားတဲ့ မြန်မာကားတွေကို ကုန်ပြန်ချမယ်။ ကုန်ချပြီးတော့ အဲဒီကုန်တွေကို ကွန်တိန်နာပေါ် တင်ပြီးတော့ ပြန်ထွက်ပေးမယ်ပေါ့ အဲလိုတော့ ကြားတယ်။ ကားတွေက ခါလီပြန်ထွက်မယ် ကြားတယ်။ ကုန်ချပြီးတော့ ခါလီပြန်ထွက်တော့မယ် ကြားတယ်။ သူတို့က အဝင်ရောအထွက်ရော သူတို့ ကွန် တိန်နာကုမ္ပဏီနဲ့ပဲ အလုပ်လုပ်မှာ” ဟု ပြောသည်။

လက်ရှိတွင် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် ကွန်တိန်နာဖြင့် လုပ်ဆောင်မည့်အစီအစဉ်ကို တရုတ် နိုင်ငံဘက်မှ လုပ်ဆောင်နေပြီး မြန်မာဘက်ခြမ်းရှိ ကျင်စန်းကျော့ဂိတ်တွင်လည်း ကွန်တိန်နာဖြင့် ကုန်သွယ်မှု ပြုလုပ်ရန် လုပ်ဆောင်မှုများရှိနေသည်။

လက်ရှိတွင် တရုတ် - မြန်မာ နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ကာလ ၃ ရက်အဖြစ် ဖွင့်လှစ်ပြီး ကုန်သွယ်ခွင့်ပြုထားသည်။