၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များ မဖွင့်လှစ်သေးသောကြောင့် တရုတ်သို့ ဖရဲသီးတင်ပို့မှုမှာ မသေချာ နိုင်သေးသည့်အတွက် ဖရဲစိုက်တောင်သူများအနေဖြင့် ယခုနှစ် ဖရဲစိုက်ရာသီတွင် စိုက်ဧကများလျှော့ချစိုက်ပျိုးပြီး ဖရဲအစား အခြားစိုက်ပျိုးသီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။

ယခုနှစ်တွင် ဖရဲသီးစိုက်ပျိုးမှုမှာ ယခင်နှစ်တွေကထက် ၉၀ ရာခိုင်နှုန်းခန့်လျော့ကျသွားပြီး ၁၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးကြကာ အခြားစိုက်ပျိုးသီးနှံများဖြစ်သည့် ပဲ၊ နှမ်း စသည်တို့ကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်း စစ်ကိုင်း တိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူ ကိုစည်သူအောင်က CNI  သတင်းဌာနသို့ ပြောသည်။

“ကျနော်က စိုက်တော့စိုက်တယ်။ အရင်နှစ်ကလည်းစိုက်တယ် ဒီနှစ်လည်းစိုက်တယ်။ ဒါပေမယ့် မတူဘူးပေါ့‌ဗျာ။ အရင်နှစ်တွေကတော့ အနည်းဆုံး မစိုက်ဘူးဆို ၇ ဧက၊ ၈ ဧကလောက်စိုက်တယ်။ ဒီနှစ်တော့ ၂ ဧက လောက်ပဲ စိုက်ရဲတော့တာဗျ။ ကျန်တဲ့ဧကတွေက နှမ်းတို့၊ ပဲတို့လုပ်ထားရတာလေ။ စိုက်ချင်တာတော့ ဖရဲစိုက်ချင်တာ ပေါ့ဗျာ။ ဒါပေမယ့် ဖရဲကတော့ လမ်းတွေကလည်း သွားရလာရအဆင်မပြေမှာကြောက်တယ်။ မနှစ်က လမ်းပန်း ဆက်သွယ်ရေးတွေက အဆင်ပြေတယ်။ မနှစ်က မိုးရာသီစိုက်တဲ့ ဖရဲတွေက မြတ်လိုက်တယ်။ ဈေး‌ကောင်းရ လိုက်တယ်။ ဆောင်းစိုက်တဲ့သူတွေက ရှုံးတာများတယ်။ မနှစ်က ဈေးတွေက တော်တော်ထိုးကျသွားတာ” ဟု ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပဲနှမ်းစိုက်ပျိုးသူ နည်းပါးခဲ့ခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခဲ့ခြင်း တို့ကြောင့် ၎င်းတို့၏ ပြည်တွင်းဈေးကွက်လိုအပ်ချက်အရ မြန်မာနိုင်ငံမှ ပဲများကို ရသလောက်ဝယ်ယူလာသည့် အတွက် ဈေးကောင်းရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပဲများသည် အရှုံး၊ အမြတ် ကြီးကြီးမားမားမရှိသည့်အတွက် ပြောင်းလဲစိုက်ပျိုးခြင်းဖြစ်သည်ဟုလည်း ဖရဲစိုက်တောင်သူများထံမှသိရသည်။

ဖရဲစိုက်ပျိုးခြင်းကို ပြီးခဲ့သည့်နှစ်က ဧကပေါင်း ၁၀၀၀၀(တစ်သောင်း)ကျော် စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ဧက ၁၀၀၀(တစ်ထောင်) ကျော်မျှသာ စိုက်ပျိုးလာကြသည်မှာ ယခုနှစ်တွင် စိုက်ပျိုးရေး သွင်းအားစုစရိတ်များသည် ယခင်နှစ်များထက် အဆမတန် မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်သည်။

ယခင်က သုံးသောင်းခွဲကျပ်သာရှိသည့် မြေဩဇာတစ်အိတ်အား ယခုတွင် ရှစ်သောင်းကျပ်အထိ ပေးရကြောင်း သိရသည်။

လက်ရှိတွင် ဖရဲစိုက်ပျိုးသည့် ၁၀ ရာခိုင်နှုန်းခန့်သည် ပြည်တွင်းဈေးကွက်ကိုသာ ရည်ရွယ်စိုက်ပျိုးကြခြင်းဖြစ်ပြီး အချို့သည် တရုတ်နိုင်ငံသို့ တင်ပို့ခွင့် ရလိုရငြားဆိုသည့်စိတ်ဖြင့် အရဲစွန့်စိုက်ပျိုးကြခြင်းဖြစ်ကာ လုံးဝ မစိုက်ပျိုး တော့သည့် သူများလည်းရှိသည်။

ဖရဲစိုက်တောင်သူ ကိုကျော်ကိုကိုဝင်းက“ဒီနှစ်က ပြောလို့ရှိရင် အဝယ်ကတော့ရှိတယ်။ ဒါပေမယ့် သင်္ဘောခရယ် ကွန်တိန်နာခရယ်တွေက ဈေးကြီးနေတာတစ်ပိုင်း ပြီးလို့ရှိရင် သိတဲ့အတိုင်းပဲ မြေဩဇာတို့ဘာညာ အကုန်လုံး ကလည်း ဈေးတွေတက်နေတော့လေ ကိုယ်ကစိုက်ပြီးလို့ထွက်လာတဲ့အချိန်ကျမှ သင်္ဘောတင်ခါနီးမှ ဈေးမကိုက် တာတွေဘာတွေဖြစ်နေမှာဆိုတော့ ဒီနှစ်ကို မစိုက်ဘဲထားလိုက်တာပေါ့”ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ဥမ္မာဒန္တီ ဖရဲသီး(ဖရဲသီးအလုံးအသေး)သည် ရောင်းချရလွယ်ကူကာ တောင်သူများ အတွက် တစ်ဧကလျှင် ၁၅ သိန်းခန့် အမြတ်ကျန်ကြောင်း သိရသည်။

ဖရဲသီးအား မိုးစိုက်အဖြစ် စက်တင်ဘာနှင့် ‌အောက်တိုဘာလတွင် ဧကအနည်းငယ် စိုက်ပျိုးပြီး ဆောင်းစိုက်အဖြစ် ဒီဇင်ဘာနှင့် ဇန်နဝါရီတို့တွင် ဧကအများအပြား စိုက်ပျိုးကြကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ဖရဲတန်ချိန် ၈၀၀၀၀၀(ရှစ်သိန်း) တင်ပို့နိုင်ခဲ့ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဖရဲတန်ချိန် ‌၆၀၀၀၀၀(ခြောက်သိန်း) တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။