၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ပျားရောဂါကျရောက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲခြင်းတို့ကြောင့် မွေးမြူမှုနှုန်း ၃၀ ရာခိုင်နှုန်း လျော့ကျနေကြောင်း မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးအောင်ခိုင်ထွေးက CNI သတင်းဌာနသို့ ပြောသည်။
“မွေးမြူရေးလုပ်ငန်းတွေကတော့ လောလောဆယ်မှာတော့ လျော့နည်းသွားတာပေါ့နော်။ အဓိကကတော့ ရောဂါကျရောက်မှုပေါ့။ ပျားရောဂါကျရောက်မှုလည်း ပါတာပေါ့နော်။ နောက်တစ်ခုက ဒေသတစ်ခုနဲ့တစ်ခု သွားတာလာတာမှာ နည်းနည်းလေး အခက်အခဲရှိတာပေါ့နော် အဲဒါကြောင့်ပါ။ အကြမ်းဖျင်းတော့ ၃၀ ရာခိုင် နှုန်းလောက်တော့ လျော့သွားမှာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံက ထွက်ရှိသည့် ပျားရည်များကို ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်း စသည့် ပြည်ပနိုင်ငံများက နှစ်စဉ် ဝယ်ယူမှုရှိခဲ့သော်လည်း လတ်တလော၌ ဈေးကွက်ရပ်ဆိုင်းနေပြီး ဂျပန်နိုင်ငံကိုသာ အဓိကထား တင်ပို့နေရ ကြောင်း သိရသည်။
မြန်မာ့ပျားရည်ကို ကွန်တိန်နာဖြင့် ဂျပန်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး နှစ်စဉ်တန်ချိန် ၂၀၀၀ နီးပါး တင်ပို့လျက် ရှိကြောင်း ဦးအောင်ခိုင်ထွေးက ဆက်ပြောသည်။
“ကျနော်တို့ လောလောဆယ်တော့ ထူးထူးခြားခြားတော့ မရှိပါဘူးဗျ။ ပုံမှန်လေးတော့ သွားတာပေါ့နော်။ အခုကတော့ ဂျပန်ပါဗျ။ တခြား အခက်အခဲတော့ အများကြီး မရှိပါဘူးဗျ။ ကျနော်တို့က ကွန်တိန်နာပေါ့နော် ရေလမ်းကြောင်းပေါ့။ အလားအလာကတော့ ပုံမှန်တော့ သွားမယ်။ တိုးတက်လာဖို့တော့ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ လောလောဆယ်တော့ တည်ငြိမ်မှုဖြစ်အောင်လို့တော့ ကျနော်တို့ လုပ်ရမှာပေါ့နော်။ အဲဒါမျိုး တွေတော့ လုပ်ဆောင်နေပါတယ်။ အများဆုံးတော့ အရင်ထဲကလည်း ဂျပန် အဓိက ပို့တာပါပဲ။ ကျန်တဲ့ နိုင်ငံလေး တွေက နည်းနည်းပါးပါးပေါ့။ ဥပမာ တရုတ်ကို ပို့တာရှိတယ်။ ယိုးဒယားကို ပို့တာရှိတယ်။ တရုတ်ကတော့ အခု လက်ရှိက နယ်စပ်လမ်းကြောင်း ပိတ်ထားတော့ ပို့လို့ မရဘူးပေါ့နော်။ မနှစ်က ဒေတာတွေအရဆိုရင်တော့ တန် ၂ ထောင်ကျော်လောက် ရှိပါတယ်ဗျ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပျားရည်ထွက်ရှိမှုနှင့် ပျားမွေးမြူရေးလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံး မွေးမြူကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်မှာ ပျားရည်ထွက်ရှိမှု အများဆုံးဖြစ်ကာ နိုင်ငံတစ်ဝှမ်းမှ ထွက်ရှိသော ပျားရည်၏ ၅၀ ရာခိုင်နှုန်းသည် ယင်းမာပင်ခရိုင်မှ ထွက်ရှိသည့် ပျားရည်များဟု သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ပျားရည်တန်ချိန် ၅၀၀၀ ကျော် ထွက်ရှိပြီး တန်ချိန် ၂၀၀၀ ကျော်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။