CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပိတ်ထားသည်မှာ လေးလကျော်ကြာမြင့်ပြီဖြစ်ကာ ယနေ့ (နိုဝင်ဘာ ၂၂ ရက်)နေ့ နေ့လည် တစ်နာရီတွင် ကျင်စန်းကျော့ဂိတ်အား စမ်းသပ်ကာလ ၃ ရက်ဖြင့် ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ထို စမ်းသပ်ကာလ ၃ ရက်တွင် ကုန်သွယ်မှုအောင်မြင်ပါက ကျင်စန်းကျော့ဂိတ်အား နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “ဒါပေမယ့် အခုက ဒီနေ့ကတော့ ကုန်တင်ပို့မှု ပုံစံ တစ်ခုပြောင်းသွားတယ်။ ဘယ်လိုပြောင်းသွားလဲဆိုတော့ အရင်တုန်းကတော့ ကျနော်တို့ ပက်လက်ကားတွေ ဘာတွေနဲ့ သွားလို့ရတယ်။ ဒီကနေ့တော့ ကျနော်တို့ ဗမာပြည်ကနေပြီးတော့ ကွန်တိန်နာဘောက်စ် နှစ်စီး သွား မယ်။ ပြီးလို့ရှိရင် တရုတ်ပြည်ကနေပြီးတော့ ဗမာပြည်ကို ကွန်တိန်နာဘောက်စ် နှစ်စီးဝင်မယ်။ အဝင်နှစ်စီး အထွက်နှစ်စီးအဖြစ် ဒီနေ့စမ်းသပ်မယ်။ ၃ ရက်စမ်းသပ်ပြီးတော့ အောင်မြင်ရင် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပုံမှန် အတိုင်းကားတွေကို ကုန်ပစ္စည်းမျိုးစုံကို ဝင်ခွင့်ထွက်ခွင့်ပြုမယ်လို့ ကျနော်တို့ ကြားသိထားရပါတယ်”ဟု ပြော သည်။
ယခုကဲ့သို့ စမ်းသပ်ကာလဖြင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းများအား ကန့်သတ်ထားခြင်းမရှိကြောင်း၊ စမ်းသပ် ကာလအောင်မြင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သည့်အခါတွင်လည်း ကုန်သွယ်မည့် ကုန်ပစ္စည်းများအား ကန့်သတ်မထားကြောင်းသိရသည်။
မြန်မာပြည်ဘက်မှ သယ်လာသည့် ကုန်ပစ္စည်းများအား ကျင်စန်းကျော့ဂိတ်တွင် ကွန်တိန်နာဘောက်စ်ထဲသို့ ပြောင်းထည့်ကာ ထို ကွန်တိန်နာဘောက်စ်ဖြင့်သာ တရုတ်နိုင်ငံဘက်သို့ ဝင်ရမည်ဖြစ်ကာ ယင်းသို့ ကွန်တိန်နာ အသုံးပြု၍သာ ကုန်သွယ်ရမည်ဖြစ်သည့်အတွက် ကုန်ကျစရိတ်မှာ ယခင်ကထက်များနိုင်ကြောင်းသိရသည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “ကွန်တိန်နာထောင်ထားတဲ့ ကုမ္ပဏီတွေရှိပါတယ်။ အဲဒီ ကုမ္ပဏီတွေကနေ ဝန်ဆောင်မှုယူပြီးတော့မှ သူတို့က ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ ယခင်ထက် အများကြီးပိုသွားမယ်။ ဘာလို့ဆို ကွန်တိန်နာခတွေက ပေးရမယ်လေ။ ကွန်တိန်နာ ငှားရမ်းခက ဘယ်လောက်ရှိမယ် မသိသေးဘူး။ အနည်းနဲ့အများကတော့ ကုန်ကျစရိတ်က ယခင်ထက်ပိုသွားမှာပါ သေချာပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ နယ်စပ်ဂိတ်တစ်ခုအား စမ်းသပ်ကာလဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ခြင်းသည် ကုန်သည်များ အတွက် မျှော်လင့်ချက်ရှိပြီဖြစ်ကြောင်းနှင့် ရောဂါပိုးအခြေအနေ၊ ကွန်တိန်နာအခြေအနေတို့အား စောင့်ကြည့် ကာ အခြားဂိတ်များကိုပါ ပြန်လည်ဖွင့်လှစ်ပေးမည်ဟု မျှော်လင့်နေကြသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား တရုတ်နိုင်ငံဘက်မှ ကိုဗစ်အကြောင်းပြပြီး ဇူလိုင်လ ၈ ရက်နေ့ က တည်းက ပိတ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် အချို့ ကုန်သည်များသည် ကုန်သွယ်မှုလမ်းကြောင်းပြောင်းပြီး ကုန်သွယ်ကြသကဲ့သို့ အချို့ ကုန်သည် များမှာ ရပ်နားထားရသည်။