၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁

ကိုဗစ်-၁၉ ကူးစက်မှုများ နည်းပါးလာပြီး ခရီးသွားလာမှု ပိုမိုများပြားလာခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲ ပေးနေကြောင်း သိရသည်။

ကိုဗစ်ဖြစ်ပွားချိန်တွင် ယာဉ်လိုင်းပြေးဆွဲမှုများ ရပ်နားထားရခြင်းနှင့် လျှော့ချမှုများ ရှိခဲ့သော်လည်း လက်ရှိ ခရီးသွားလာမှု ကိုဗစ် တတိယလှိုင်း ဖြစ်ပွားချိန်ကထက် အနည်းငယ် များပြားလာခြင်းကြောင့် ၃၀ ရာခိုင်နှုန်းခန့် တိုးချဲ့ပြေးဆွဲလာကြောင်း ရန်ကုန် - လားရှိုး ပြေးဆွဲပေးနေသည့် Crown ယာဉ်လိုင်း၏ ဂိတ်မှူးဖြစ်သူ ကိုဇော်နိုင်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက“ခုကာလက အခါကြီး ရက်ကြီးတွေဆိုတော့ နည်းနည်းလေး သွားကြလာကြနဲ့ဆိုတော့ ကားလေးတွေက အရင် မထွက်ဖြစ်တာ အရင်ဆိုတော့ အရင်တုန်းက လူသီးသန့် ထွက်တယ်လို့ မရှိပါဘူး။ ဒီရက်ပိုင်းမှာ လူသီးသန့်လေးတွေ ထွက်တဲ့ ကားလေးတွေ ရှိလာတာပေါ့။ အရင်ထက်စာလို့ရှိရင် နည်းနည်းလေး လှုပ်ရှားစ ပြုလာတာပေါ့။ တချို့လိုင်းတွေက အရင် တုန်းက တစ်စီးစ နှစ်စီးစ ထွက်တာလေးတွေက အခု ၃၊ ၄ စီး ဖြစ်လာတယ်။ အရင်တုန်းက မဖွင့်သေးတဲ့ မြို့သေးသေးလေး ဂိတ်တွေပေါ့နော်၊ မြို့သေးသေးလေး လိုင်းတွေကျတော့လည်း တစ်စီးစ ပြန်ပြီးတော့ ပုံမှန် ပြန်ပြေးဆွဲလာတာပေါ့။ အခု နောက်ထပ် တစ်စီး ထပ်တိုးတာမျိုး အဲလို အခြေအနေ လောက်ပေါ့” ဟု CNI သို့ ပြောသည်။

ပုံ- အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ကိုတွေ့ရစဉ်။

ကိုဗစ် တတိယလှိုင်းဖြစ်ပွားနေချိန်က အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ နယ်မြို့များသို့ ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းများ ပြေးဆွဲမှု လျော့ကျခဲ့သလို ခရီးသွားများလည်း လျော့ကျခဲ့ကြောင်း၊ လက်ရှိမှာတော့ ကိုဗစ် တတိယလှိုင်း ပြန်လည် ငြိမ်သက်စပြုလာပြီးဖြစ်၍ ယာဉ်အစီးရေ ၃၅၈ စီး ပြန်လည် ပြေးဆွဲပေးနေကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ဦးလျန်ကျင့်မန်က “ယာဉ်လိုင်းက ၁၃၀ ကျော်လောက် ၁၃၈ လောက်အထိ တိုးတယ်။ ပြီးတော့ ယာဉ်အစီးရေက ၃၀၀ ကျော် ၃၅၀ ကျော် ခရီးသည်က ၄၀၀၀ လောက်။ သူတို့ အရင်တုန်းက လိုင်း ၁၀၀ လောက်ပဲ ရှိတယ်။ ပြီးတော့ ယာဉ်အစီးရေ က လည်း ၁၀၀ ကျော်လောက် ခရီးသည်ကလည်း ၁၀၀၀ လောက်ပဲ ရှိတာကိုး။ အခုက ၄၀၀၀ ပတ်ဝန်းကျင်လောက် ရှိတယ်။ များလာတာကို တွေ့ရပါတယ်”ဟု CNI သို့ ပြောသည်။

သို့သော်လည်း နိုင်ငံရေး အခြေအနေများကြောင့် ညမထွက်ရ ကန့်သတ်ချက်များ ချမှတ်ထားသဖြင့် ယာဉ်လိုင်းများအနေဖြင့် အချိန်များကို ချိန်ဆကာ ထွက်ခွာနေကြရကြောင်း Crown ယာဉ်လိုင်း၏ ဂိတ်မှူးဖြစ်သူ ကိုဇော်နိုင်ဝင်းက ပြောသည်။

ပုံ- အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ကိုတွေ့ရစဉ်။

၎င်းက“ကားထွက်ရတဲ့အချိန်ပေါ့ တစ်မြို့နဲ့တစ်မြို့ အကွာအဝေး ကြာချိန်တွေမှာ ဟိုဘက်ကို ရောက်သွားတဲ့ ခရီးသည်တွေကို သွား ရေးလာရေး အဆင်ပြေစေဖို့ရာ အချိန်တွေက ဒီကနေ ချိန်ဆပြီး ထွက်ရတာပေါ့။ ဟိုတုန်းကတော့ ကိုယ်က ဒီခရီးတစ်ခု ကို(၈) နာရီ မောင်းတယ်ဆိုရင်(၈)နာရီ ဒီကနေ အချိန်မှန်းပြီး ထွက်တယ်။ ဒါပေမယ့် အခုကတော့ အဲလိုမျိုး ထွက်လို့မရ  တော့ဘူး။ လမ်းမှာ ညမထွက်ရ အမိန့်တွေနဲ့ဆိုတော့ (၁၀) နာရီ ရောက်တာနဲ့ နီးစပ်ရာ စားသောက်ဆိုင်ပေါ့နော်၊ အိပ်လို့ အဆင်ပြေမယ့် စားသောက်ဆိုင်တစ်ဆိုင်မှာ ကားတွေထိုးပြီးတော့ အိပ်ရတယ်။ အဲလိုမျိုး အိပ်ရတော့ (၄)နာရီမှ ထမောင်း ရတော့ အဲလိုအချိန် တွေပါ ထည့်တွက်ရတာပေါ့။ အဲဒါ အခက်အခဲတွေ ရှိတာပေါ့” ဟု CNI သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အခြေပြု အောင်မင်္ဂလာအဝေးပြေးဂိတ်နှင့် ဒဂုံဧရာအဝေးပြေးဂိတ်တို့မှ မြန်မာတစ်နိုင်ငံလုံးသို့ ပြေးဆွဲပေးနေသော ယာဉ်လိုင်းပေါင်း ၃၈၇ လိုင်းရှိပြီး ယာဉ်အစီးရေ ၃၇၀၀ ကျော်နှင့် နေ့စဉ် ခရီးသည် ၂၀၀၀၀ (နှစ်သောင်း) နီးပါးကို သယ်ယူပို့ဆောင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။