CNI News

၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၂၁

မြန်မာနိုင်ငံအတွင်း ခရီးသွားလာမှုများ နည်းပါးလာပြီး ကားလက်မှတ် ဝယ်ယူမှုများ နည်းပါးလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှု ခက်ခဲလာသည်ဟု အောင်မင်္ဂလာ အဝေးပြေးကွင်း ဆန်းဂရု(ပ်) ယာဉ်လိုင်းမှ လက်မှတ်ရောင်းချသူ ကိုမျိုးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ကားလက်မှတ်များ ရောင်းချရမှု နည်းပါးနေခြင်းသည် ကိုဗစ် ပထမလှိုင်းကာလက စတင်ခဲ့ကြောင်း၊ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့်လည်း မော်တော်ကားဖြင့် ခရီးသွားလာမှု နည်းပါးလာကြောင်း၊ ထို့နောက် အဝေးပြေး ယာဉ်လိုင်းများ ခက်ခဲလာနေကြောင်း သိရသည်။

ဆန်းဂရု(ပ်) ယာဉ်လိုင်းမှ လက်မှတ်ရောင်းချသူ ကိုမျိုးအောင်က “လက်ရှိကတော့ လုံးလုံးကို မရောင်းရ သလောက် ဖြစ်နေတာ။ တစ်နေ့ တစ်ယောက်စ၊ နှစ်ယောက်စ၊ သုံးယောက်စ အဲ့လိုပဲ ရောင်းရတယ်။ အရင် တုန်းက ပြောရမယ်ဆိုရင် ဒီအချိန်ဆို အယောက်သုံးဆယ်လောက် ရောင်းရတယ်ဆို ခု သုံးယောက်လောက် တောင် မနည်းရောင်းနေရတယ်။ ဒီချိန်ခါတိုင်းဆို အယောက် ၃-၄ ဆယ်လောက် ရောင်းရတယ် တစ်စီးကို၊ ကိုဗစ် မဖြစ်ခင်ကရော နိုင်ငံရေး မဖြစ်ခင်ကရောဆိုရင်တော့ ရောင်းရတာကောင်းတာပေါ့၊ ဒီ ကိုဗစ်ဖြစ်ပြီးမှ နိုင်ငံရေး ဖြစ်ပြီးမှ ရောင်းလို့ချလို့ မကောင်းတော့တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် တချို့သော ယာဉ်လိုင်းများသည် ပြည်တွင်းခရီးသွားလာမှု နည်းပါးလာခြင်းအပြင် စက်သုံးဆီ ဈေးနှုန်း များပါ မြင့်တက်လာခြင်းကြောင့် ယာဉ်လိုင်းပြေးဆွဲမှုများကို ရပ်နားလိုက်ကြောင်း အဝေးပြေးယာဉ်လိုင်းပြေးဆွဲ နေသူများထံမှ သိရသည်။

ပုဂံတွင် ခရီးသွားများကို တွေ့ရစဉ် (GETTY IMAGES)

ထိုသို့ အခက်အခဲဖြစ်နေသည်ကို ကျော်လွှားနိုင်ရန်အတွက် ကုန်ပစ္စည်းများတင်၍ တန်ဆာခယူကာ သယ်ယူ ပို့ဆောင်ပေးနေရသော်လည်း လက်ရှိတွင် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် လာရောက်အပ်နှံမှုများ အလွန် နည်းပါးလာကြောင်း အောင်ဆန်းအဝေးပြေးကွင်းမှ ရွှေကမ္ဘာ ကားဂိတ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်က အစ်ကိုတို့ ဒီဘက်ဆိုရင် ကားတစ်စီး ထွက်မယ်ဆိုရင် တန်ဆာ အားဖြင့်ဆိုလို့ရှိရင် ၁၀ သိန်း၊ ၁၁ သိန်း၊ ၁၂ သိန်း အဲ့လောက်တွေ သွားတယ်။ အခုက အဲ့လောက်ကို မရှိတော့တာ ပြတ်သွားတာပေါ့၊ ပြတ်သွားတဲ့ အချိန်မှာ လာသမျှပစ္စည်းကို အစ်ကိုတို့က အကုန်လုံးယူပြီးတော့မှ ဒီကားမှာရှိတဲ့ ဝန်ထမ်းနဲ့ လည်ပတ်ဖို့ အစ်ကို တို့ ဂိတ်က သူဌေးရဲ့ ဒုတိယပေါ့၊ အစ်ကိုတို့ ဂိတ်မှာရှိတဲ့ တာဝန်ရှိတဲ့ အကြီးဆုံးသူတွေကတောင် မနည်း ရုန်းနေရ တာလေ အဲ့လိုမျိုးဖြစ်နေတာ အခြေအနေက အဲ့လောက်ကို ကွာသွားတာပေါ့” ဟု ပြောသည်။

ယခုလို အကြပ်အတည်းကာလတွင် ကားယာဉ်လိုင်းများ အနေဖြင့် ကားအစီးရေ လျှော့ချခြင်းများ အပြင် ကား မောင်း သမားများလည်း လျှော့ချခဲ့ရကြောင်း ရွှေကမ္ဘာ ကားဂိတ်က ပြောသည်။

 ဒီမိုကရေစီအရေး တောင်းဆိုနေကြသူများ (ဖရွန်းတီးယားမြန်မာ)

ရွှေကမ္ဘာကားဂိတ်က “တောင်ကြီးနဲ့ မန္တလေးကို သွားတာဖြစ်တဲ့အတွက် တောင်ကြီးနဲ့ မန္တလေးကို သွားမယ့် ပစ္စည်းတွေ အကုန်လုံးကို အစ်ကိုကြီးတို့က ရန်ကုန်ကနေပြီးတော့မှ တိုက်ရိုက် တစ်စီးထဲကို ဆန့်သလောက် အကုန်သယ်သွားတယ်။ သယ်သွားပြီးတော့ မှ ၁၆၂ မိုင်မှာ မန္တလေးက လာတဲ့ကားက အဲ့မှာစုံ တောင်ကြီးက လာတဲ့ကားက အဲ့မှာစုံ ဒါမှ မဟုတ်လို့ရှိရင် မန္တလေးက လာတဲ့ကားကို ခေါ်လိုက်တယ်။ ခေါ်ပြီး မန္တလေးက လာတဲ့ကားကို ကိုကြီးတို့ပစ္စည်းကို ကယ့်တင်ပေးလိုက်တယ်။ ရန်ကုန်ကနေ သွားတဲ့ကားက တောင်ကြီးကို တိုက်ရိုက်တန်းတက်ပေါ့။ အဲ့လိုမျိုးတွေ လုပ်ရတာပေါ့၊ ခါတိုင်း အခြေအနေဆိုရင်တော့ အစ်ကိုတို့က ရန်ကုန်တစ်စီး မန္တလေးတစ်စီး အဲ့လိုထွက်တာလေ” ဟုပြောသည်။

လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့ခြင်း၊ ကိုဗစ် တတိယလှိုင်းဖြင့် ရင်ဆိုင်ရခြင်း၊ လတ်တလောတွင်လည်း ကိုဗစ် တကျော့ပြန် ဖြစ်ပေါ်လာနေခြင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အများအပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေခြင်း စသည့် အခြေအနေအရပ်ရပ် ကြောင့် ပြည်တွင်းခရီးသွားလာမှုများ လျော့နည်းလာခဲ့သည်။

အဆိုပါ ခရီးသွားလာမှုများ လျော့နည်းလာခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများလည်း ပြေးဆွဲရန် ခက်ခဲလာ နေ ကြောင်း သိရသည်။