CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂

ရုရှားငွေပေးချေရေး MIR card စနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်နှင့် ရုရှားရူဘယ်နှင့် မြန်မာကျပ်ငွေကို တိုက်ရိုက် လဲလှယ်အသုံးပြုနိုင်ရန် နစက-က ဆောင်ရွက်နေကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

MIR Card အသုံးပြုခြင်းနှင့် ပတ်သက်ပြီး ရေတိုတွင် အကျိုးသက်ရောက်မှု သိပ်မရှိသေးသော်လည်း ရေရှည်တွင် ရုရှားမှ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမည့် အခြေအနေပေါ် မူတည်ပြီး အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု စီးပွားရေး ပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “General Public အတွက်ကတော့ သိပ်အများကြီးတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Russian investment ဘယ်လောက်ထိ လာမလဲဆိုတာ အဲဒါလည်း တစ်ချက်ကြည့်ရမယ်။ ဒီ short term မှာတော့ သိပ် အများကြီး မရှိဘူး။ ဒီ short term မှာတော့ ဒေါ်လာအစားထိုး သုံးမယ်ဆိုရင်တောင်မှ ရုရှားငွေကို လက်ခံတဲ့ နိုင်ငံ တွေက ဘယ်လောက်ရှိမှာလဲ။ နောက် လေကြောင်းလိုင်းတွေ ဘာတွေကရော အဲဒီဟာနဲ့ လက်ခံမလား။ ဒါတွေ လက်မခံဘူးဆိုရင်တော့ ဘာမှ လောက်လောက်လားလား သိပ်အကျိုးမရှိပါဘူး။ အခုက ရုရှား - မြန်မာ တိုက်ရိုက် Flight တွေ ဆွဲတော့မယ်။ Tourist Promotion တွေ လုပ်နေတယ်။ မြန်မာပြည်က ရုရှားသွားလည်ချင်တဲ့သူတွေ အတွက်ဆိုရင်တော့ အဆင်ပြေမှာပေါ့။ ဒီ short term အတွက်ကတော့ သိပ်လောက်လောက်လားလား မရှိဘူး။ Negative ရော Positive ရော။ Long term မှာတော့ Russian investment ရုရှားနဲ့ပတ်သက်တဲ့ employer တွေက ဘယ်လောက်ထိ investment လုပ်မလဲဆိုတာ အဲပေါ်မှာပဲ ကြည့်ရမှာပေါ့” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့က နစကသတင်းစာရှင်းလင်းပွဲမှာ MIR Card စနစ်အကြောင်း ရှင်းပြနေစဉ်

MIR card စနစ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ နိုင်ငံ ၁၀ နိုင်ငံမှာ အသုံးပြုနေပြီး အာဆီယံဒေသအတွင်းတွင် ဗီယက်နမ်နိုင်ငံ၌ အသုံးပြုလျက် ရှိကြောင်း သိရသည်။

ရုရှားငွေပေးချေရေး MIR card စနစ်ကို လျင်မြန်စွာ အသုံးပြုနိုင်ရေးအတွက် ရုရှား ငွေရေးကြေးရေး အဖွဲ့အစည်း များက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ MIR card ကို မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ် မှာ အသုံးပြုနိုင်ဖို့အတွက် ဆွေးနွေးနေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ ရက်တွင် ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက “အဲဒါသုံးတာကို မြန်မာက လက်ခံတယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံနဲ့ ရုရှား ကြားမှာ စီးပွားကုန်သွယ်မှု များဖို့တော့ လိုတာပေါ့။ များမှ အသုံးများမှာလေ။ လက်ခံတယ်လို့ ပြောထားပြီးတော့ ဦးတို့က ရုရှားကထွက်တဲ့ ပစ္စည်းကို သိပ်မဝယ်ဘူးဆို ဝယ်တဲ့သူတွေကျတော့ ရေနံတို့၊ သဘာဝဓာတ်ငွေ့တို့၊ ရွှေ တို့ စသဖြင့်ပေါ့ကွာ။ အဲဒါမျိုးလေးတွေ ဝယ်မယ့်သူတွေကပဲ သုံးတယ်။ ဖုန်းတို့၊ တယ်လီဖုန်းတို့ လူသုံးများတဲ့ဟာ တွေကျတော့ ရုရှားကနေ မဝယ်ဘူး။ တရုတ်ကနေ ဝယ်မယ်။ ရုရှားကနေ ဝယ်စရာပစ္စည်း သိပ်မရှိဘူးဆိုရင် အသုံးက နည်းမှာပဲလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

MIR card စနစ်ကို ရုရှားနိုင်ငံဗဟိုဘဏ်က ၂၀၁၇ ခုနှစ်တွင် စတင်အသုံးပြုခဲ့ကြောင်း၊ Master card နှင့် Visa card များ၏ လွှမ်းမိုးမှုအပြင် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန် ဈေးကွက်အတွင်း အသုံးပြုလာ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် MIR Card သည် လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် MPU Card နှင့် သဘောတရား တူညီသည် ဟု စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

MIR ရုံးချုပ်ကိုတွေ့ရစဉ်

၎င်းက “အဲဒီဟာကတော့ ထုတ်ပေးတဲ့ဟာအပေါ်မှာ မူတည်တယ်။ credit card အနေနဲ့ ထုတ်ပေးမှာလား Debit card အနေနဲ့ ထုတ်ပေးမှာလား သူက ဒီမှာသုံးနေတဲ့ MPU Card နဲ့ တူတူပဲလေ သဘောတရားကလေ။ ရုရှားရဲ့ ငွေနဲ့ စပြီးတော့ issue ထုတ်ရတာပေါ့။ ဒါပေမယ့် အဲဒါက ဘယ်နိုင်ငံသွားသွား သွားတဲ့နိုင်ငံက အဲဒီဟာကို လက်ခံ တဲ့ post တွေမှာ သုံးလို့ရတယ်ပေါ့။ အဲဒီဟာတော့ ဒီ MPU Card လိုပါပဲ။ ဈေးဝယ်တာ၊ Transition ငွေ လှမ်းလွှဲ ပေးတာတို့။ ဒီကဒ်က သိပ်ပြီးတော့ Amount အကြီးကြီးတော့ သိပ်အဆင်မပြေပါဘူး” ဟု ပြောသည်။

MIR Card သည် ဈေးဝယ်ခြင်း၊ လေယာဉ်လက်မှတ်ကဲ့သို့ တခြားသော လက်မှတ်များ ဝယ်ယူခြင်း၊ ဘဏ် အကောင့်များနှင့် ချိန်ဆက်ကာ ငွေလွှဲငွေထုတ် လုပ်ဆောင်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ငွေထည့်ဝင်နိုင်သည့် ပမာဏနှင့် လွှဲပြောင်းနိုင်သည့် ပမာဏ ကန့်သတ်ချက် ရှိခြင်းကြောင့် ကုန်သွယ်ရေးကဏ္ဍ အပိုင်းတွင် MIR Card ကို အသုံးပြုနိုင်ခြေ နည်းပါးနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။