၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁

ယခုနှစ် ဖရဲသခွားစိုက်ပျိုးမှုသည် ပြီးခဲ့သည့်နှစ်ကထက် ၉၀ ရာခိုင်နှုန်းအထိ လျော့ကျကာ ၁၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုး ကြကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်က CNII သတင်းဌာနသို့ ပြောသည်။

ယခုနှစ်တွင် စိုက်ပျိုးရေး သွင်းအားစုစရိတ်များသည် ယခင်နှစ်များထက် သိသာစွာ မြင့်တက်ကာ အဆမတန် ဈေးကြီးနေ ခြင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များ မဖွင့်လှစ်သေးခြင်းတို့ကြောင့် စိုက်ပျိုးမှု လျော့ချ ခြင်းဖြစ်ကြောင်း သိရ သည်။

ဦးစိုးလွင်က “အဓိကကတော့ သွင်းအားစုပဲဗျ။ သွင်းအားစုက ဈေးက အဆမတန် တက်သွားတာလေ။ မြေဩဇာ တစ်အိတ် ၃၅၀၀၀ ကနေပြီးတော့ အခု ၈၀၀၀၀ လောက် ဖြစ်သွားတာလေ။ ဆေးကလည်း မထူးဘူးလေ။ ၅၀၀၀ တန်က ၁၂၀၀၀ လောက် ဖြစ်တာ။ ၁၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ဖြစ်တော့တာက တကယ်တမ်းပြောရရင် နံပါတ်တစ်က သွင်းအားစုတွေ ဈေးကြီးတာပဲ။ ဆေး၊ မြေဆီကအစ သွင်းအားစုတွေ အဆမတန် ဈေးကြီးတော့ ခါတိုင်းက သွင်းအားစု စရိတ်နဲ့တောင်မှ အရှုံးပေါ်သေးတာဆိုတော့ ဒီသွင်းအားစု စရိတ်တွေ ကြီးတာတွေက ပိုပြီးတော့ အရှုံးပေါ်နိုင်တယ်ဆိုတာလည်း တစ်မျိုး ပေါ့။ ပြီးတော့ တစ်ဖက်ကလည်း ဂိတ်ဖွင့်တာတွေ၊ မဖွင့်တာတွေ တရုတ်အားထားရတယ်ဆိုတော့ မသေချာတော့ဘူး။ စိုက်ပျိုးမှုတွေ လျှော့ချတာပေါ့၊ ကျနော်တို့” ဟု CNI သို့ ပြောသည်။

ပြီးခဲ့သည့်နှစ်က ဧကပေါင်း ၁၀၀၀၀(တစ်သောင်း)ကျော် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက ၁၀၀၀(တစ်ထောင်) ကျော်လောက် သာ စိုက်ပျိုးတော့ကြောင်း သိရသည်။

 

သို့သော် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နိုင်ငံဘက်သို့ ဖရဲသခွားတင်ပို့မှုသည် အရှုံးပေါ် ခဲ့ကြောင်း၊ ဖရဲသခွားစိုက်တောင်သူများအတွက် အထိနာဆုံးနှစ်ဖြစ်ခဲ့ကြောင်း၊ ၇၀ ရာခိုင်နှုန်းခန့် အရှုံးပေါ်ခဲ့ကြောင်း သိရ သည်။

မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ စိုင်းခင်မောင်က “ဘာကြောင့် ရှုံးတာလဲဆိုတော့ ဈေးမရလို့ မနှစ်ကတော့။ အရည်အသွေးကြောင့်ပေါ့၊ အဓိကက လမ်းပိုင်းကြန့်ကြာပြီးတော့ အရည်အသွေးတွေ ပျက်ကုန်တာ။ အဲ့ဒါကြောင့် ဆုံးရှုံး ကြတာများတယ်။ တရုတ်ကို တင်ပို့တာကတော့ အရည်အသွေး ကောင်းတယ်။ အခြေအနေ ကောင်းတယ်ဆို ကောင်းတာ ပေါ့၊ အကျိုးအမြတ်ရှိပါတယ်။ တောင်သူတွေကတော့ တရုတ်ပြည်ပဲ အရှုံးကြီးကြီး၊ အမြတ်ကြီးကြီးပေါ့ တရုတ်ကိုပဲ တင်ပို့ ချင်တာ။ ပြည်တွင်းမှာကျတော့ အရောင်းအဝယ် ဖြစ်ရုံပဲရှိတာ။ အကျိုးအမြတ်က မသိသာဘူး”ဟု CNI သို့ ပြောသည်။

ပုံ-ဖရဲသီးကားများကိုတွေ့ရစဉ်။

လက်ရှိတွင် ဖရဲသခွားအား ပြည်တွင်း ဈေးကွက်အတွက်သာ စိုက်ပျိုးကာ ဥမ္မာဒန္တီ ဖရဲသီး(ဖရဲသီးအလုံးအသေး)မှာ ရောင်း ချရ အဆင်ပြေပြီး တောင်သူများအတွက် တစ်ဧကလျှင် ၁၅ သိန်းခန့် အမြတ်ကျန်ကြောင်း သိရသည်။

ဖရဲသခွားအား မိုးစိုက်အဖြစ် စက်တင်ဘာနှင့် ‌အောက်တိုဘာလတွင် ဧကအနည်းငယ် စိုက်ပျိုးပြီး ဆောင်းစိုက်အဖြစ် ဒီဇင်ဘာနှင့် ဇန်နဝါရီတို့တွင် ဧကအများအပြား စိုက်ပျိုးကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ဖရဲတန်ချိန် ၈၀၀၀၀၀(ရှစ်သိန်း)နှင့် သခွားမွှေးတန်ချိန် ၁ ဒဿမ ၅ သိန်း တင်ပို့နိုင်ခဲ့ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဖရဲတန်ချိန် ‌၆၀၀၀၀၀(ခြောက်သိန်း)နှင့် သခွားမွှေးတန်ချိန် ၁ ဒဿမ ၄ သိန်းအထိ တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။