၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၂၀
မွန်ပြည်နယ်တွင် ပြီးခဲ့သည့်ရက်များက မုန်တိုင်းကြောင့် မိုးရွာသွန်းမှုများ ရှိခဲ့ပြီး ဆားကွင်းများသို့ မိုးရေများဝင်ခြင်းကို ရှင်းလင်းသန့်စင်ရေးလုပ်ရခြင်းကြောင့် ထုတ်လုပ်မှုစရိတ် ပိုကုန်ကျကြောင်းနှင့် ယခုနှစ် ဆားရာသီမှာ ဆားထွက်မှု နှောင့်နှေးနိုင်ကြောင်း ဆားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
မွန်ပြည်နယ်တွင် ယခုလ (နိုဝင်ဘာလ)တွင် ဆားလုပ်ငန်းများ စတင်နေပြီးဖြစ်သော်လည်း မိုးရွာသွန်းမှုကြောင့် လကုန်အထိ ဆားကွင်းပြင်ဆင်ရန် အချိန်လိုအပ်လာသလို ဆားကွင်များ မခြောက်သည့်အတွက် ပင်လယ်ရေတင်ခြင်း လုပ်ငန်းမှာလည်း နောက်ကျသွားခြင်းတို့ကြောင့် ဇန်နဝါရီလဆန်းတွင် ဆားမထွက်နိုင်ကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှ ပြည်နယ် မှူး(ငြိမ်း) ဦးခင်စိုးက ဆိုသည်။
ဦးခင်စိုးက“နှောင့်နှေးသွားတဲ့ အခါကျတော့ ရေတင်သင့် တင်ထိုက်တဲ့အချိန်မှာ ရေမတင်နိုင်ဘူး နေမလှန်းနိုင်ဘူး ဖြစ်တဲ့ အတွက်ကြောင့် ဒီအနေထားမှာ လုပ်သားတွေကို ခန့်ထားပြီးပြီ။ လုပ်သားတွေကို ခန့်ထားပြီးတဲ့ အခါကျတော့ လုပ်သားတွေ ရဲ့ capacity က နည်းသွားတာပေါ့။ ဒီအချိန်မှာ လုပ်ရမှာ မလုပ်ရတဲ့ အခါကျတော့ သူတို့ကို လစာပေးထားရတယ်၊ အဲ့အတွက် ဆားထုတ်လုပ်မှု ကုန်ကျစရိတ်မှာ အဲ့တစ်ချက် ထိခိုက်နိုင်တယ်။ ဒုတိယတစ်ချက်ကတော့ ပင်လယ်ရေ တင်သွင်းတဲ့ အချိန် မှာ မတင်ပဲနဲ့ ၁၅ ရက်တာ နောက်ကျသွားတဲ့ အတွက်ကြောင့် ဆားထွက်က ၁၅ ရက်စာ နောက်ဆုတ်သွားမယ်။ အဲ့လို ဆုတ် သွားတဲ့ အခါကျတော့ ခုနက တစ်ရာသီလုံး ဆားထွက်မှာလည်း ရာခိုင်နှုန်း တစ်ခုထိအောင် ထိခိုက်သွားပြီ။ ဆားထွက်နည်း ရင် ရင်းနှီးမြှုပ်နှံမှုနဲ့ စားလိုက်တဲ့အခါမှာ တစ်ပိဿ ကုန်ကျစရိတ်မှာ သွားထိခိုက်တယ်။ အဲ့တော့ နှစ်ပြန်နာတာပေါ့။ ဆား ထွက်လည်း နည်းမယ်။ မိုးရွာသွားတဲ့ အတွက်ကြောင့် ပြန်ပြင်ရတဲ့ ကုန်ကျစရိတ်လည်းရှိမယ်”ဟု CNI သို့ ပြောသည်။
ပုံ-ဆားတွင်းမှာ ဆားထုတ်လုပ်နေစဉ်။
ဆားလုပ်ငန်းသည် ပြည်တွင်း ဝယ်လိုအားကိုသာ အဓိက အားထားနေရကြောင်း၊ ပြည်တွင်းဝယ်လိုအားမှာ ပုံမှန်ဖြစ်နေ သည့်အတွက် လက်ရှိတွင် ဆားဈေးမှာ တစ်ပိဿာကို ၁၃၀ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာလတွင် ဆားဈေးသည် တစ်ပိဿာ ၆၀ မှ ၇၀ ကျပ် ဝန်းကျင်အထိသာ ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ရာသီဥတု အခြေအနေကြောင့် ဆား ၇၀ ရာခိုင်နှုန်းထက် ပိုမထွက်နိုင်ကြောင်း၊ ထို့နောက် ဆားဈေးမှာ တစ် ပိဿာ ၁၃၀ ကျပ် ပေါက်နေကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်ကြသည်။
ဆားထုတ်လုပ်မှု၏ ကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းခန့်သည် လောင်ဇာဆီကို အသုံးပြုရခြင်းဖြစ်ကာ လက်ရှိတွင် စက်သုံးဆီ ဈေးများ ပြီးခဲ့သည့်နှစ်ထက် မြင့်တက်နေသည့်အတွက် အခက်အခဲများရှိကြောင်း သိရသည်။
ပုံ-ဆားတွင်း ရေပြည့်နေစဉ်။
သံဖြူဇရပ်မြို့နယ်မှ ဆားလုပ်ငန်းလုပ်ကိုင်သည့် နိုင်ဟုက “ကုန်ကျစရိတ်ကတော့ တက်တယ်။ ဒီဇယ်စရိတ်က မနှစ်ကနဲ့ အများကြီး ကွာသွားပြီလေ။ ကျနော်တို့ ဒီဇယ် တအားသုံးရတဲ့ လုပ်ငန်းဆိုတော့ ဒီဇယ်ဈေးတက်ရင် ကျနော်တို့လည်း တက် တာပဲ။ ပြီးတော့ ကုန်ဈေးနှုန်းတွေ လိုက်တက်လာရင် အလုပ်သမားတွေကလည်း နောက်ကနေ မနေဘူး လိုက်တက်လာအုံး မှာပဲ။ မနှစ်ကထက် အများကြီး တက်လိမ့်မယ်လို့ ထင်ပါတယ်”ဟု CNI သို့ ပြောသည်။
မြန်မာနိုင်ငံတွင် ဆားကို ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံး ထွက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၀ ခန့်ရှိကာ မွန်ပြည်နယ်၌ ၂၅ ရာခိုင်နှုန်းခန့်နှင့် ရခိုင်မှာတော့ ၁၅ ရာခိုင်နှုန်းခန့် ထွက်ရှိကြောင်း သိရသည်။
ထို့အပြင် ဆားလုပ်ငန်းသည် နေဖြင့် ချက်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် နေပူချိန်မြင့်သည့် ရာသီဖြစ်မှ ဆားများ ပိုထွက် ကြောင်း သိရသည်။