၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၉
မွန်ပြည်နယ်အတွင်းရှိ အထည်ချုပ်လုပ်ငန်းများအနေဖြင့် နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်လာခြင်းနှင့်ဘဏ်များ၏ ငွေကြေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် လုပ်ငန်းလည်ပတ်မှုမှာ အဆင်မပြေ ဖြစ်နေသည်ဟု ဝီမွန် အထည် ချုပ်လုပ်ငန်း တည်ထောင်သူ နိုင်မင်းဇော်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“တစ်ဝက်ပဲလုပ်ငန်းက လည်တယ်ပေါ့နော်။ အားလုံးတော့ မလည်ဘူး။ ၄၀ ရာခိုင်နှုန်းလောက်တော့ လည်တယ်။ ကုန်ကြမ်းလည်း ခက်တယ်။ နိုင်ငံရေးမကောင်းရင်၊ ဘဏ်စနစ်မကောင်းရင် ဘယ်လိုမှ စီးပွားရေးလုပ်လို့ မလွယ် ဘူး။ နောက် နိုင်ငံခြားမှာ ဒေါ်လာနဲ့ဝယ်တဲ့ ကုန်ကြမ်းတွေ ကိုယ့်ပြည်တွင်းမှာ ပြန်ရောင်းရင် အခက်အခဲရှိတယ်။ အလုပ်သမားတွေ အခက်အခဲရှိတယ်။ နောက်ပြီးတော့ အခု ဘဏ်စနစ်လည်း မလည်ဘူးလေ။ သိပ်ပြီးလုပ်ငန်း အဆင်မပြေဘူး” ဟု နိုင်မင်းဇော်ဦးက ပြောသည်။
မြန်မာငွေတန်ဖိုး ကျဆင်းလာခြင်း၊ ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းဆက်တိုက်မြင့်တက်လာခြင်း၊ သယ်ယူ ပို့ ဆောင်ရေး ကုန်ကျစရိတ်ကြီးမြင့်ခြင်းနှင့် ဘဏ်ဝန်ဆောင်မှု ကန့် သတ်ချက်များကြောင့် လုပ်ငန်းလည်ပတ်နိုင်မှု နှောင့်နှေးလာကာ စီးပွားရေးလုပ်ငန်းအများစု ပိတ်သိမ်းလာခြင်းများလည်း ရှိလာသည်။
ဒါ့အပြင် လက်ရှိအချိန် မွန်ပြည်နယ်အတွင်းရှိ အထည်ချုပ်လုပ်ငန်းများမှာ အော်ဒါရရှိမှု နည်းပါးသွားခြင်းကြောင့် အလုပ်သမားခန့်ထားနိုင်မှုမှာလည်း ထက်ဝက်ခန့် လျော့နည်းသွားသည်ဟု နိုင်မင်းဇော်ဦးက ဆက်ပြောသည်။
“လုပ်ငန်းတော့ အားလုံးတော့ မလည်ဘူး။ အရင်တုန်းကဆိုရင် ၂၄ နာရီလည်တယ်။ အခုက မလည်ဘူး။ အော်ဒါလည်း သိပ်မရှိဘူး။ နည်းနည်းပေါ့ ကြီးကြီးမားမားတော့ မဟုတ်ဘူး။ အရင်တုန်းက ၁၀၀ ဆိုရင် အခုက ၄၀ ရာခိုင်နှုန်းပဲ ကျန်တယ်လေ။ လုပ်ငန်းလည်ပတ်မှု။ အော်ဒါများရင် အလုပ်သမားလည်း များမယ်။ အော်ဒါမရှိလို့ လျှော့ထားတယ်ပေါ့နော်” ဟု ပြောသည်။
လုပ်ငန်းများ ရပ်နားထားမှု များပြားလာသည်နှင့်အမျှ အလုပ်အကိုင် ရှားပါးမှု ပြဿနာများသည်လည်း ယခင်က ထက် ပိုမိုဖြစ်ပေါ်လာကြောင်း မွန်ပြည်နယ်မှ ဒေသခံများက ပြောသည်။
ကျိုက်မရောမြို့နယ်နေထိုင်သူ မင်းထောနိုင်ကတော့ အလုပ်အကိုင် ရှားပါးလာမှုကြောင့် ၎င်းတို့ ပတ်ဝန်းကျင် ရှိ လူငယ်များ နိုင်ငံခြားသို့ ထွက်ခွာကာ အလုပ်ရှာဖွေမှုများ ပိုမိုများလာသည်ဟု CNI သတင်းဌာနသို့ ပြောသည်။
“တချို့လုပ်ငန်း ရပ်တာကတော့ အထူးသဖြင့် ပါတာပေါ့နော်။ ကျနော်တို့ ကျိုက်မရောမှာဆိုလို့ရှိရင် အလုပ်အကိုင်က သိပ်ပြီးတော့ မရှိဘူး။ လူငယ်ပိုင်း တော်တော်များများကျတော့ နိုင်ငံခြားထွက်တာများတယ်။ ကိုယ့်နိုင်ငံက အလုပ်အကိုင် ရှားတဲ့အခါကျတော့လေ။ နိုင်ငံရေးအခြေအနေကလည်း မကောင်းတဲ့အခါကျတော့ ကိုဗစ်ကာလကြောင့်ရယ်၊ အလုပ်အကိုင်ကတော့ တချို့ဆိုင်တွေဆိုရင် ပိတ်ထားရတာမျိုးတွေ ရှိတယ်။ ပိုဆိုး လာတယ် ကျနော့်အမြင်အနေနဲ့ပေါ့နော်။ အရင် နိုင်ငံရေး ကောင်းတဲ့အချိန်ကျတော့ အလုပ်အကိုင်ကတော့ နည်းနည်း ရှိလာသလိုပေါ့နော်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာတယ်။ ဒီအပိုင်းတွေမှာကျတော့ နိုင်ငံရေး အခြေအနေ ဖြစ်လာတဲ့အခါကျတော့၊ ရိုက်ခတ်လာတဲ့အခါကျတော့ အလုပ်အကိုင်က ပိုပြီး ဆိုးရွားလာတာပေါ့။ ဆိုးရွားလာလို့ပဲ လူငယ်တွေ တော်တော်များများလည်း နိုင်ငံခြား ထွက်သွားကြတာများတယ်” ဟု ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ အထည်ချုပ်လုပ်ငန်းများအနေဖြင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိကထား လုပ်ကိုင် နေခြင်းဖြစ်ပြီး မွန်ရိုးရာဝတ်စုံများနှင့် ကျောင်းဝတ်စုံများကို ချုပ်လုပ်ကြကြောင်း သိရသည်။
မွန်ပြည်နယ်တစ်ဝန်းရှိ အသေးစား အလတ်စားလုပ်ငန်းများ၊ တစ်နိုင်တပိုင်လက်မှုလုပ်ငန်းများနှင့် အထည်ချုပ် စက်ရုံများ လက်ရှိအခြေအနေအတိုင်း ဆက်သွားမည်ဆိုပါက ရပ် တန့်လိုက်ရမည့် အခြေအနေ ရှိနေသည်ဟု လုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။