CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈
တရုတ်အစိုးရက ရွှေလီမြို့ရှိ ပြည်တော်ပြန်များအား နေရပ်ပြန်ခွင့် ပြုကြောင်း ထုတ်ပြန်ပြီးနောက် ရင်ကျန်းနှင့် မန်စီမြို့တို့ တွင် နေရပ်ပြန်ရန် စာရင်းပေးထားသော်လည်း ကိုဗစ်ကြောင့်ဟုဆိုကာ နေရပ်ပြန်ခွင့်မရသေးကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး တရုတ်အစိုးရသည် နိုဝင်ဘာ ၁၇ ရက်နေ့က ကြေညာခဲ့ခြင်းကြောင့် အလုပ်များမှ ထွက်၍ ရဲစခန်းများတွင် နေရပ်ပြန်ရန် စာရင်းပေးသွင်းခဲ့သော်လည်း လက်ရှိအချိန်ထိ နေရပ်ပြန်ခွင့် မရသေးသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ရင်ကျန်းပြည်နယ်မှ နေရပ်ပြန်ရန် စာရင်းပေးထားသည့် မမြတ်မြတ်မိုးက “ရောဂါပိုးတွေ့လို့တဲ့ လမ်းတွေ ပိတ်ထားပါတယ်။ ရင်ကျန်းက အလယ်မှာ ကျနေတာလေ။ မူဆယ်သွားဖို့ ရွှေလီနဲ့ကျယ်ဂေါင် ဖြတ်ခွင့်မရဘူး။ လိုင်ဇာမှာလည်း ပိုးတွေ့လို့ သွား လာခွင့် ကန့်သတ်ထားတယ်။ လွယ်ကျယ်ရောက်ဖို့ ကျန်ဖုန်က လော့ဒေါင်း မဖွင့်သေးဘူး။ စာရင်းပေးထားတာ အစ်မက တစ်လပဲ ရှိသေးတယ်။ တချို့ သုံးလကျော်တွေလည်း ရှိတယ်။ ရွှေလီနဲ့က မတူဘူးလေ သူတို့က မူဆယ်နဲ့နီးတယ်။ အစ်မတို့ က ရွှေလီ ကျော်ဖြတ်ပြီးမှ ကျယ်ခေါင်၊ မူဆယ် ရောက်တာ။ စာရင်းပေးပြီး ပြန်ခွင့် မရသေးတော့ စားဖို့သောက်ဖို့ ခက်ခဲတာ ဝင်ငွေမရှိတာကလွဲရင် ဘာတတ်နိုင်မလဲ။ သူတို့က ကျန်းမာရေး ဦးစားပေးတာကိုး။ ကိုယ့်ကံဘဲလို့ သဘောထား လိုက်တော့ တာပေါ့။ သွားချင်လည်း ရမှမရတာလေနော်” ဟု CNI သို့ ပြောသည်။
ပုံ-တရုတ်/မြန်မာ ထွက်ပေါက်ကိုတွေ့ရစဉ်။
တရုတ်နိုင်ငံဘက်မှ ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား နေရပ်ပြန်ပို့ခြင်းကို အောက်တိုဘာ ၃၀ ရက်နေ့မှ စတင်၍ ရပ် နားထားခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁၇ ရက်နေ့တွင် အမျိုးသား ၁၆၃ ဦး၊ အမျိုးသမီး ၁၄၀ ဦး၊ စုစုပေါင်း ၃၀၃ ဦးတို့အား လွှဲပြောင်းပေးပို့ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့၌ နေရပ်ပြန်ပို့ခြင်းအား ရပ်နားထားကြောင်း သိရသည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးကွန်ရက်ဥက္ကဋ္ဌ ဦးဌေးက “ရွှေလီ၊ ကျယ်ဂေါင်ကတော့ ကျနော်တို့ မူဆယ်နဲ့ကပ်ရပ်ကို။ ရင်ကျန်းတို့၊ မန်စီတို့ကကျတော့ ရွှေလီကနေ ဟိုဘက်ကို ၂ နာရီခွဲလောက် ဆက်သွားရတယ်။ ဆက် သွားရတော့ ခရိုင်မတူတော့ဘူး။ မြို့နယ်မတူတော့ဘူးပေါ့။ သူတို့ရဲ့ အုပ်ချုပ်မှုနေရာတွေက ကွာသွားတာပါ။ မန်စီခရိုင်ကနေ ရွှေလီခရိုင်ကိုလာမယ်ဆို ရွှေလီခရိုင်ကနေ ဖြတ်ရမှာဆိုတော့ ရွှေလီခရိုင်ကလည်း ခွင့်ပြုဦးမှကို။ မန်စီကလည်း ပို့ပေးဦးမှကို။ အဲ့တော့ သူတို့တွေက တရားဝင် ဝင်ထွက်ပေါက်ကနေ ခုချိန်ထိတော့ ပြန်ခွင့်မရှိသေးဘူး”ဟု CNI သို့ ပြောသည်။
ရွှေလီတွင် ကိုဗစ်ရောဂါပိုး ကူးစက်မှု ရှိခဲ့သည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက lockdown တစ်ပတ်ခန့် ချမှတ်ခဲ့သေးကြောင်း၊ ယခု ပြည်တော်ပြန်များအား နေရပ်ပြန်ပို့ရာတွင် ကိုဗစ် ရှိ၊ မရှိ စစ်ဆေးပြီးမှသာ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံဘက်ခြမ်းရှိ ရွှေလီ၊ ကျယ်ဂေါင်၊ ဝမ်တိန်မှ မြန်မာနိုင်ငံသားများသည် မိမိနေရပ်(မြန်မာနိုင်ငံ)သို့ ပြန်ပါက မိမိ ပိုင် ဆိုင်မှုများ အားလုံးကို ယူဆောင်ပိုင်ခွင့်ရှိသော်လည်း မန်စီမြို့နယ်တွင်ရှိသည့် မြန်မာနိုင်ငံသားများကမူ မိမိပိုင် ပစ္စည်းများကို ယူဆောင်ခွင့်မရသလို တရားဝင် ဂိတ်ပေါက်ကနေလည်း ပြန်ခွင့်မရဘဲ ဖြစ်နေသည်။
တရုတ်နိုင်ငံဘက်မှ နေရပ်ပြန်လာသူ ဦးရေ စုစုပေါင်းမှာ ၁၄၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။