၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈
မြန်မာနိုင်ငံအတွင်း၌ ယခု နိုဝင်ဘာလလယ်အထိ ဟိုတယ် ၁၀၀၀ ကျော် ပြန်လည် ဖွင့်လှစ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင်း လုပ်ငန်းလိုင်စင် ရရှိထားသည့် ဟိုတယ်စုစုပေါင်း ၂၀၀၀ ကျော်ရှိသည့်အနက် လက်ရှိတွင် ထက်ဝက်နီးပါး ပြန်လည်ဖွင့်လှစ်နေပြီဟုလည်း မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ ရာခိုင်နှုန်းအားဖြင့်တော့ ၆၀ ရာခိုင်နှုန်းလောက်တော့ ဖွင့်လှစ်ထားတဲ့ အနေအထား ရှိပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ပြောပြတာပါ။ အရေအတွက်အနေနဲ့ဆို ၁၀၀၀ ကျော်ပါ။ ဟိုတယ်စုစုပေါင်း လုပ်ငန်း လိုင်စင်ရရှိထားတာ ၂၀၀၀ ကျော်ရှိတဲ့အထဲကနေ အခုလက်ရှိမှာ လက်ရှိလုပ်ငန်းလည်ပတ်ပြီး ဖွင့်လှစ်နေတဲ့ ဟိုတယ်တွေ ၁၀၀၀ ကျော် ရှိပါတယ်” ဟု ပြောသည်။
ဒါ့အပြင် ခရီးသွားလာမှုများပြားသည့် ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတွင်လည်း ဟိုတယ် ၇၁ လုံး ရှိသည့်အနက် ၅၅ လုံးကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားခြင်းဖြစ်ကာ ကျန်ရှိသည့် ဟိုတယ်များ ကိုလည်း ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ပြင်ဆင်ထားပါက ဆက်လက် ဖွင့်လှစ်ခွင့်ပြု သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန တိုင်းဦးစီးမှူး ဦးဇော်လင်းထွန်းက CNI သို့ ပြောသည်။
“ကျနော်တို့က သူတို့ကိုယ်တိုင်ကိုက ကျနော်တို့ရဲ့ သတ်မှတ်ချက်နဲ့အညီ ပြင်ဆင်ထားပြီးမှသာ အစစ်ဆေးခံနိုင် ပါပြီ၊ စစ်ဆေးပေးပါလို့ တင်ပြလာတဲ့အခါမှသာ ကျနော်တို့က စစ်ဆေးပေးလို့ရမှာကို။ ကျနော် တို့က ပူးပေါင်းမှုနဲ့ သွားစစ်ပြီးတော့ ကိုက်ညီမှုရှိတဲ့ ဟိုတယ်တွေကို ကျနော်တို့ကလမ်းညွှန်တယ်။ နောက်ပြီးတော့ လိုအပ်ချက်ရှိလို့ရှိရင်လည်း အကြံပြုတယ်။ ပြင်ဆင်ပြီးတော့ ပြန်တင်ပြပါတယ်။ ဒါလေးတော့ လိုအပ်တယ် ဆိုပြီးတော့ ချက်ချင်းဖြည်းဆည်းပြီးတော့ ဆောင်ရွက်တဲ့ဟာတွေပေါ့နော်။ ဟိုတယ်တွေကိုတော့ ဒါကြောင့်မို့လို့ ပြန်လည်ပြီးတော့ ဖွင့်လှစ်ခွင့်ပြုတဲ့ အနေအထား ဖြစ်ပါတယ်”ဟု ပြောသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဟိုတယ်လုပ်ငန်းများ ရပ်နားထားရသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရာကနေ ယခုလို ဟိုတယ်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီဖြစ်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးဇော်လင်းထွန်းက ဆက်ပြောသည်။
“အရင်တုန်းကဆိုလို့ရှိရင် ချောင်းသာရော ငွေဆောင်ရောမှာဆိုရင် ၂၀၀၀ ကျော်လောက်က ဝန်ထမ်းပေါ့နော် ဟိုတယ်တွေမှာလေ။ အဲဒီအပြင် ၂၀၀၀ ကျော်ဆိုရင် ဟိုဘက် နှစ်ဖက်ပေါင်းလို့ရှိရင် ၅၀၀၀ နီးပါးပေါ့နော်။ ဝန်ထမ်း ၅၀၀၀ နီးပါးလောက်ကို အလုပ်အကိုင် အခွင့်အလမ်း ပေးထားတာပေါ့။ ကိုဗစ်ဖြစ်ပြီး နာက်ပိုင်းမှာတော့ ၂၀၀၀ နီးပါးလောက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့တာပေါ့နော်။ အခု တဖြည်းဖြည်းနဲ့ လုပ်ငန်း ပြန်စတော့ ပြန်ခေါ်ကြပြီ။ လုပ်ငန်းပြန်စတယ်ဆိုတဲ့နေရာမှာလည်း အခန်း ၅၀ ရှိတဲ့ ဟိုတယ်တွေကလည်း အခန်း ၃၀ ပဲ နိုင်တဲ့အနေအထားပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ခုနကလို လျှော့ထားတော့ ပြန်ပြီးတော့ စုစည်းရတာ ရှိတယ်။ တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်လာရင်တော့ ဒေသခံတွေကို အလုပ်အကိုင် အခွင့်အလမ်း ပြန်ပြီးတော့မှ တိုးတက်ပြီးမှ ပေးနိုင်မယ်လို့ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုကြောင့် ဟိုတယ်များ ပိတ်ထားခဲ့ရာ လက်ရှိ ကူးစက်မှုနှုန်းများ ကျဆင်း လာခြင်းကြောင့် ပြန်လည်ဖွင့်လှစ်လာခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ဟိုတယ်များကို ဖွင့်လှစ်ခွင့်ပြုသည့်နေရာတွင် ယခင်ချမှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များ အပြင် ကူးစက်မှု ဖြစ်ပေါ်ခဲ့ပါက လုပ်ဆောင်ရမည့်ပုံစံများ၊ အ ကြောင်းကြားရမည့်ပုံစံများ၊ ဆက်လက် ဆောင်ရွက် ရမည့်လုပ်ငန်းများ၊ ပညာပေးခြင်း စသည့် သတ်မှတ်ချက်များကို ဦးစားပေးလမ်းညွှန်ပေးထားကြောင်း သိရသည်။