၂၀၂၁ နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်ကာ ကုန်သွယ်နေသော်လည်း ဘဏ်တွင် ငွေသွင်း/ငွေထုတ်စနစ် မလွယ်ကူခြင်းကြောင့် ကုန်သွယ်ရာမှာ အခက်အခဲဖြစ်နေကြောင်း ရခိုင်ပြည် နယ်ရှိ ကုန်သည်များက ပြောသည်။
လက်ရှိတွင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လွှဲလိုက်သည့် ဒေါ်လာများ ဘဏ်တွင် ပြန်လည်ထုတ်ယူရာမှာ ကြန့်ကြာမှုများ ဖြစ်နေခြင်းနှင့် ကုန်စည်များ ပြန်လည်ဝယ်ယူရာတွင် ဘဏ်စနစ်ဖြင့် ဝယ်ယူ၍ မရခြင်းများကြောင့် ကုန်သွယ်မှုများ ခက်ခဲ လာနေသည်ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှု လုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးအောင်အောင်က CNI သို့ ပြောသည်။
၎င်းက “ဒီက ကုန်သည်တွေမှာပဲ အခက်အခဲရှိတာက ငွေရေး ကြေးရေးတွေ ထုတ်မရတာပေါ့ဗျာ။ တစ်ဖက်နိုင်ငံက ငွေလွှဲ လိုက်တယ်။ ဒေါ်လာ လွှဲလာမယ်။ အဲဒီဒေါ်လာကို ကျနော်တို့က ပြန်ပြီးတော့ နောက်တစ်ခေါက် ကုန်သွယ်ဖို့အတွက် ငွေ သားဖြစ်အောင် လုပ်ရတာ ကြန့်ကြာတာပေါ့နော်။ ကြာတဲ့အပြင် တချို့ဟာတွေဆိုရင် မိမိဘဏ်ထဲကနေပြီးတော့ လွှဲတဲ့ အခါ ကုန်ရောင်းတဲ့သူက ဘဏ်နဲ့ လက်မခံတာတွေ ဘာတွေ ဖြစ်နေတယ်။ ဆိုတဲ့အခါကျတော့ အရောင်းအဝယ်က အရင် တုန်းက ငွေသားနဲ့ ပေးဝယ်တဲ့ကိစ္စက အခုဟာက ဘဏ်စနစ်နဲ့ သွားရမယ့် ပေါ်လစီတွေကြားမှာ ကုန်သွယ်မှု ရပ်တန့်တာ တွေ ရှိတယ်။ ကုန်သွယ်မှု နှောင့်နှေးတာ ရှိတယ်”ဟု CNI သို့ ပြောသည်။
ရခိုင်ပြည်နယ်ရှိ ကုန်သွယ်ရေးစခန်းများကို ပြီးခဲ့သည့်လများအတွင်းက ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ပိတ်ထားခဲ့ရာ အောက်တိုဘာလအတွင်းမှာ ပြန်လည်ဖွင့်လှစ်ပေး၍ ကုန်သွယ်မှုများ ပြန်လည် ဆောင်ရွက်လျက်ရှိနေကြသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်း၊ အမှတ်(၁) အဝင်/အထွက်စခန်း POE နှင့် ကညင်ချောင်းစီးပွားရေးဇုန်တို့ ဖြစ်သည်။
အဆိုပါ ကုန်သွယ်ရေးစခန်းများအနက် ကညင်ချောင်းစီးပွားရေးဇုန်လမ်းပိုင်းများ ပျက်စီးနေ၍ ကုန်သည်များအနေဖြင့် အမှတ်(၁) အဝင်/အထွက်စခန်း POE တွင် ကုန်သွယ်မှု ပြုလုပ်နေကြရသည်။သို့သော်လည်း ဒီရေအတက်အကျ စောင့်ဆိုင်း ရခြင်းကြောင့် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းကိုသာ အများဆုံး ကုန်သွယ်မှု ပြုလုပ်ကြကြောင်း ကုန်သည်များထံမှ သိရသည်။
လက်ရှိတွင် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု တစ်လခန့်ကာလအတွင်း အမေရိကန်ဒေါ်လာ ၂.၆ သန်းခန့် ကုန်သွယ်မှု ပြုလုပ်ထားကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်း၏ စာရင်းများအရ သိရသည်။
မောင်တောကုန်သည် ဦးအောင်နိုင်က “လက်ရှိ ဒီတစ်လမှာ ကျနော်တို့ မောင်တောကနေ သိပ်မပို့နိုင်သေးပါဘူး။ စစ်တွေ ကနေပဲ အများဆုံးသွားတာ။ တဖြည်းဖြည်းနဲ့ မောင်တောဘက်ကို လာဖို့ လေ့လာနေတာ တွေ့ရပါတယ်။ ၂၀ ရက်နေ့ ကညင်ချောင်း စီးပွားရေးဇုန်ကို ဖွင့်မယ့်သဘော ရှိတယ်။ ဒီဘက်မှာ ရေအတက်အကျနဲ့ သိပ်ပြီးတော့ အဆင်မပြေသေးဘူး။ ကိုဗစ် မတိုင်ခင်နဲ့တော့ အခုလောလောဆယ် အခုထိတော့ အဲအဆင့် မရောက်သေးပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အား ကောင်းလာတာ တွေ့ရပါတယ်”ဟု CNI သို့ ပြောသည်။
ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာတွင် စစ်တွေနှင့် မောင်တော နယ်စပ်စခန်း နှစ်ခုပေါင်း တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၃၀ နီးပါး ကုန်သွယ်မှုရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။
ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်အပါအဝင် လယ်ယာ ထွက်ကုန်၊ ရေချိုငါး၊ ဂဏန်း၊ ပုစွန် စတဲ့ရေထွက်ပစ္စည်း ၉၀ ရာခိုင်နှုန်းအထိ တင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒယ်အိုး၊ သွပ်ထည်ပစ္စည်းများနှင့် ပလပ်စတစ်အပါအဝင် ပစ္စည်းအမျိုးအစား ၁၀ မျိုးနီးပါးကို ပြန်လည်တင်သွင်းနေခြင်း ဖြစ်သည်။