၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၇

မြန်မာ့ဆန်အား ပြည်ပနိုင်ငံများမှ ဝယ်လိုမှုအားကောင်းနေပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကထက် ဝယ်လိုအား ၂၀ ရာခိုင်နှုန်း ပိုများလာကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရသည်။

ပြည်ပနိုင်ငံသို့ ပင်လယ်ရေကြောင်းဖြင့်တင်ပို့ရာတွင် ယခုကဲ့သို့ ဝယ်လိုအားများနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ အတွင်းရေးမှူးချုပ် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

“တခြား အာဖရိကတို့ ဘာတို့ဘက်က ပြန်ဝင်တယ်။ နောက်ဒီနှစ်ဆို ဘင်္ဂလား‌ဒေ့ရှ်ကို တန်တစ်သိန်းလောက် ပို့ဖြစ်ပါတယ်။ ဒါမျိုးတွေစျေးကွက်အသစ်လေးတွေ ရှိပါတယ်။ တရုတ်နယ်စပ်တစ်ခုပဲ တင်ပို့မှုအားနည်းတယ်။ အရင်က မူဆယ်နယ်စပ်ဘက်က ပို့တာတွေများတယ်။ အခုကတော့ မူဆယ်နယ်စပ်ဘက် ပိတ်ထားတော့ ပင်လယ်ရေကြောင်းပဲ အဓိကထားပို့နေကြပါတယ်။ ရေကြောင်းလိုင်းက မနှစ်ကထက်တောင် ပိုများလာတယ်။ အာဖရိကတို့က ပြန်ဝယ်လာတယ်။ ၂ နှစ် ၃ နှစ်လောက်က အာဖရိက က အဝယ်နည်းတာပေါ့” ဟု ပြောသည်။

Photo - CNI

တရုတ်နယ်စပ်ပိတ်ထားသည့်အတွက် ပင်လယ်ရေကြောင်းဖြင့်တင်ပို့မှုမှာ ယခင်ကထက် များလာခြင်း ဖြစ် ကြောင်း သိရသည်။

ပြည်ပသို့တင်ပို့ရာတွင် မြန်မာ့ဆန် ၂၅ မှတ် ဆန်ကွဲ A12 တို့သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင်ခန့်ရှိကြောင်း၊ ၅ မှတ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀ ခန့်အထိရှိကြောင်းနှင့် အမျိုးအစားလိုက် ‌ပေါက်ဈေးများရှိကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ်က ပြည်ပနိုင်ငံသို့ ဆန်တင်ပို့မှုမှာ တန်ချိန် ၁.၈ သန်းခန့်တင်ပို့နိုင်ခဲ့ပြီး ယခုလက်ရှိတွင် ဆန်တန်ချိန် ၁.၆ သန်းနီးပါးခန့် တင်ပို့ထားပြီးဖြစ်ကာ ပြီးခဲ့သည့်နှစ်ထက် ပြည်ပတင်ပို့မှုများမည်ဟု ခန့်မှန်းထားကြောင်း သိရ သည်။

ပြည်ပသို့ဆန်တင်ပို့မှုများရှိနေသော်လည်း ကွန်တိန်နာနှင့် သင်္ဘောများမှာ ငှားရမ်းရခက်နေ၍ ဈေးတက်နေသည့် အနေအထားဖြစ်ကြောင်း၊ ထိုသို့ ငှားရမ်းရခက်ခြင်းသည် မြန်မာနိုင်ငံတစ်ခုတည်းတွင်ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာပါ အခက်အခဲဖြစ်နေကြောင်း သိရသည်။

Photo - CNI

ယခင်က တရုတ်ဆိပ်ကမ်းသို့ ပို့သည့် ၂၅ တန်ဆန့်ကွန်တိန်နာတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ ခန့်ရှိခဲ့ပြီး ယခုတွင် အမေရိကန်ဒေါ်လာ ၂၃၀၀ ခန့်ရှိကြောင်း သိရသည်။

ဦးအောင်မြင့်က “နောက် ကွန်တိန်နာငှားရမ်းတာခက်တာပေါ့။ အဲ့ပြဿနာကနည်းနည်းကြီးတယ်။ Trade charges တွေမြင့်လာတယ်။ Trade charges ကတော့ တစ်ကမ္ဘာလုံးတက်တဲ့သဘောရှိပါတယ်။ ဗမာပြည် ကလည်း နည်းနည်းပို့ရခက်တော့ သင်္ဘောငှားရမ်း၊ ကွန်တိန်နာငှားရမ်းရခက်တယ်။ သ‌‌င်္ဘောကြီးတွေ နည်းနည်း ငှားရခက်တယ် ကွန်တိန်နာကတော့ အဓိကကျတာပေါ့။ ဈေးတွေတက်တာ။ သင်္ဘောငှားရမ်းခ ဈေးကြီးတာတော့ ကမ္ဘာနဲ့အနှံ့ဖြစ်နေတော့ ကွန်တိန်နာငှားရမ်းခ ဘာတို့ကို‌တော့ သက်သာစေချင်တယ်။ သူများနေရင် ကျနော်တို့ ဒီမှာ ရောင်းတဲ့ပုံစံအမျိုးမျိုးရှိပါတယ်။ FOP(Financial Operating Plan)ရောင်းတာပေါ့။ နောက် ဟိုဘက် CIS (Customer Integrated System) ရောင်းတာရှိတယ်။ CIS ရောင်းတဲ့သူဆိုရင် သင်္ဘောခ ဒီဘက်ကခံတော့ သင်္ဘောခဈေးတက်လာတော့ ကိုယ်မြတ်တဲ့အမြတ်တွေထဲက၊ အရင်းတွေထဲက ပါပါတယ်” ဟု ရှင်းပြသည်။

ပြည်ပနိုင်ငံများမှ ဆန်ဝယ်လိုအားကောင်းနေသော်လည်း လက်ရှိပြည်တွင်းဆန်‌ဈေးကွက်မှာ အေးနေသည့် အနေထားဖြစ်ကြောင်း၊ ပြည်တွင်းတွင် ပြီးခဲ့သည့်လပိုင်းများက ဆန်ဝယ်ယူမှုများပြားခဲ့သည့်အတွက် ယခုအခါ တွင် ဝယ်ယူမှုအနေအထားမှာ အေးနေခြင်းဖြစ်ကြောင်း သိရသည်။