၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ဆိပ်ကမ်းတွင် ကုန်ပစ္စည်းစစ်ဆေးရေးစခန်း ဖွင့်လှစ်ခဲ့ပြီးနောက်တွင် တစ်ဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကုန်သွယ်မှု ယခင်ကထက် ပိုမြန်လာကြောင်း သိရသည်။
ယခင်က ကုန်ပစ္စ္စည်းများအား တောင်ကုတ်မှတဆင့် စစ်တွေမြို့သို့ သွားရောက် အစစ်ဆေးခံရကာ အခွန်ဆောင်ရကြောင်း၊ အခွန်ဆောင်ပြီးနောက် စစ်တွေဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တက်ကနစ်ဆိပ်ကမ်းသို့ ပို့ဆောင်ရကြောင်း၊ အချိန်အားဖြင့် ၅ ရက်ခန့် ကြာမြင့်ကြောင်း ကိုကျောက်တောင်ကုန်ပို့လုပ်ငန်းမှဥက္ကဋ္ဌ ဦးကျောက်တောင်က ပြောသည်။
ဦးကျောက်တောင်က “ပျမ်းမျှ ၅ ရက်လောက် သွားရပါတယ်။ စစ်တွေကို မောင်း ချိန်၊ စစ်တွေမှာ စစ်ဆေးချိန်ရော စစ်တွေက ပြန်ထွက်ချိန်ရော ၅ ရက်လောက် မောင်းရပါတယ်။ အခုကတော့ ၂ ရက်အတွင်း မှာ ရောက်ပါတယ် ဘင်္ဂလားဒေ့ရှ်ကို။ အဲ့လို စစ်ဆေးတဲ့အတွက် ဒေသခံ ဥပမာ ငါးခြောက် ထုတ်လုပ်တဲ့လူတွေ၊ ဘင်္ဂလားဒေ့ရှ် ကို ပစ္စည်းပို့နိုင်တဲ့သူတွေက သာမန်ကုန် သည်လေးတွေကအစ ပို့နိုင်ခွင့် ရသွားတာပေါ့။ အရင်တုန်းကတော့ ဒီအလုပ်တွေက သူတို့နဲ့ အလှမ်းဝေးတဲ့အတွက် ကုန်သည် ကြီးတွေလောက်ပဲ လုပ်တဲ့အလုပ်ဖြစ်တာပေါ့။ အခုကတော့ သာမန် ကုန်သည်လေး တွေကအစ ငါးခြောက်တွေဆိုရင် ဒီနှစ် သူတို့ပို့ဖို့အတွက် အားယူပြီးတော့ ကျနော်တို့နဲ့ ဆွေးနွေးနေတာရှိပါတယ်”ဟု CNI သို့ ပြောသည်။
တောင်ကုတ်မြို့ဆိပ်ကမ်းတွင် ကုန်ပစ္စည်းစစ်ဆေးရေးစခန်းအား နိုဝင်ဘာ ၁၀ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်ကုတ်မြို့ ဆိပ်ကမ်းတွင် ကြက်သွန်၊ မန်ကျည်းသီး၊ ဇီးသီးနှင့် ငါးခြောက်တို့ကို ကုန်သွယ်ကြပြီး ယခင်က တစ် နေ့လျှင် ကြက်သွန် ကားအစီးရေ ၁၀၀ ခန့် ပို့ရကြောင်း၊ လက်ရှိတွင် ကြက်သွန်ကားများမှာ ကုန်သွယ်ရန် ဆင်းလာနေပြီဖြစ် ကြောင်း၊ လက်ရှိကုန်သွယ်မှုမှာ နည်းနေသေးကြောင်း ကိုကျောက်တောင်ကုန်ပို့လုပ်ငန်းမှ ဥက္ကဋ္ဌ ဦးကျောက်တောင်က ဆို သည်။
ပုံ-တောင်ကုတ်မြို့က ဆိပ်ကမ်းတစ်ခုကိုစစ်ဆေးနေစဉ်။
၎င်းက “အခုက ကုန်ပို့မယ့်သူတွေက အရမ်းစိတ်ဝင်စားတာပေါ့။ နောက်ပြီးတော့ ကျနော်တို့ဆီက စစ်တွေကို တိုက်ရိုက် ကားနဲ့ ပို့ပြီးတော့မှ ထွက်တာနဲ့ဆိုရင် တစ်ပိဿာကို ၁၁၀ ကျပ်လောက် သက်သာတာပေါ့ စရိတ်သက်သာတာပေါ့။ နောက် ဒီက မြန်တာပေါ့။ အဲ့တော့ မြန်တဲ့အတွက် ကုန်သည်တွေက စိတ်ဝင်စားတယ်။ စရိတ်သက်သာတဲ့အတွက် စိတ်ဝင်စားပါ တယ်”ဟု CNI သို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းတို့ကို ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ရပြီး သုံးလခန့်အကြာ အောက်တိုဘာလ ၁၃ ရက် နေ့မှသာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းများသည် အောက်တိုဘာ ၁၆ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကုန်သွယ်မှု စတင်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး အောက်တိုဘာ ၁၆ မှ နိုဝင်ဘာလ ၃ ရက်အထိ နှစ်ပတ်တာအတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်း ကုန်သွယ်နိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင် များ အသင်းချုပ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
လက်ရှိတွင် ရခိုင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကပို့ကုန်များမှာ ကြက်သွန်၊ ငါးခြောက်၊ ကွမ်းသီး၊ ဇီးယို၊ ကွေကာအုပ်၊ မကျည်းသီး၊ မကျည်းစေ့၊ သနပ်ခါး၊ အထည်အလိပ်၊ ခေါက်ဆွဲ၊ အလှကုန်ပစ္စည်းများနှင့် ဖိနပ်များဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သွင်းကုန်များမှာ ပလပ်စတစ်ပစ္စည်းများနှင့် ရေတိုင်ကီဗူးများဖြစ်ကြောင်း သိရသည်။