၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆

တရုတ်နိုင်ငံကို တင်ပို့မည့် ဆန်နှင့် ဆန်ကွဲများသည် နယ်စပ်ဂိတ်များ မပိတ်ခင်ကတည်းက မူဆယ် ဂိုဒေါင်များသို့ ရောက်ရှိနေသည့်အတွက် လက်ရှိအချိန် နယ်စပ်ဂိတ်များ ဖွင့်နိုင်ခြင်း မရှိသေးတာကြောင့် အဆိုပါ ဆန်နှင့် ဆန်ကွဲ များသည် အရည်အသွေးပိုင်းများ ကျဆင်းလာသည်ဟု မူဆယ်ကုန်သည်များထံမှ သိရသည်။

အရည်အသွေးပိုင်း ကျဆင်းမည်ဆိုပါက တရုတ်ကုန်သည်များက ဈေးနှိမ်ဝယ်ယူမှုများ ရှိလာမည်ကိုလည်း မြန်မာ ဆန်ကုန်သည်များက စိုးရိမ်နေကြသည်။

ထို့ကြောင့် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်သည့်အခါ မူဆယ်တွင် ဆန်နှင့်ဆန်ကွဲများကို စက်ဖြင့်သန့်စင်ပြီး တင်ပို့မှာဖြစ်သည်ဟု မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“မူဆယ်မှာ ဆန်နဲ့ ဆန်ကွဲတို့ ပဲတို့ထားတာ။ ပဲက တော်တော် နည်းသွားပါပြီ။ ဆန်နဲ့ ဆန်ကွဲက တစ်ဝက်လောက် က ဗမာပြည် ပြန်ဆင်းသွားပြီ။ တစ်ဝက်လောက် ကျန်သေးတယ်။ လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက ပိတ်မိ နေတာ သွားတာလာတာနဲ့။ အရည်အသွေးက အနည်းငယ် ထိခိုက်လာတာပေါ့။ အနည်းငယ် လျော့ဆင်း သွား တယ်။ ဒါပေသည့် ဆန်က သူများနဲ့ မတူဘူး။ ရှစ်လ၊ ကိုးလ ထားလို့ရတယ်။ ၅လ၊ ၆လ၊ ၇လဆို ပြောင်းပြီ။ အနည်းနဲ့အများ ဆုံးရှုံးသွားတာပေါ့။ ရက်ကြာလေ ပြောင်းတာ မြန်လေပဲ။ တရုတ်ပြည် ပြန်ပို့မယ်ဆိုရင် မူဆယ်မှာ ပြန်လည် သန့်စင်တဲ့ စက်တွေ ရှိတယ်။ ဆန်တွေ ပြန်သန့်စင်တာလေ။ အရောင်တင်တဲ့ စက်တွေ ရှိတယ်။ ဒီစက်တွေနဲ့ ပြန်သန့်စင်ပြီးတော့မှ ပြန်ပို့မှာ။ တရုတ်ကလည်း လက်မခံဘူး။ ဂိတ်အဝင်မှာလည်း လက်မခံဘူး။ ဂိတ်အဝင်မှာ အရည်အသွေး စစ်ဆေးတဲ့အဖွဲ့ ရှိတယ်။ အရည်အသွေး စစ်ဆေးတဲ့အဖွဲ့က အရည် အသွေး မပြည့်ဝတဲ့ ဆန်တွေကို အဝင်မခံဘူး။ ဆန်နဲ့ဆန်ကွဲကတော့ အိတ်သုံးသိန်းနီးပါး ကျန်အုံးမယ်” ဟု ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံကို မှီခိုလုပ်ကိုင်နေရသည့် ကုန်သည်များအနေဖြင့် လုပ်ငန်းများ ရပ်တန့်လျက်ရှိနေပြီး တချို့ကုန်သည်များမှာမူ မူဆယ်ဂိုဒေါင်များသို့ ရောက်ရှိနေသည့် ၎င်းတို့၏ ကုန်စည်များကို ပြန်လည် သယ် ဆောင်သွားမှုများလည်းရှိကြောင်း ကုန်သည်များက ပြောသည်။

မူဆယ်ဂိုဒေါင်တွေများတွင် ဆန်နဲ့ဆန်ကွဲမျိုးစုံ ယခင်က တန်ချိန် ၈ သိန်း ရှိသော်လည်း လက်ရှိတွင် ၄ သိန်း နီးပါးသာ ကျန်ရှိသည်ဟု သိရသည်။

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို မြန်မာပြည်တွင်း ကိုဗစ်တတိယလှိုင်း အရှိန်မြင့်လာသည့် ဇူလိုင်လ(၁၀)ရက်မှစ၍ တရုတ်အစိုးရဘက်မှ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

 

ဒါ့အပြင် နယ်စပ်ဂိတ်များ ပြန်ဖွင့်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိမှာတော့ နှစ်ဖက်နိုင်ငံ စလုံးတွင် အကြောင်းကြားချက်များ မရှိသေးသည့်အတွက် ကုန်သွယ်ရေး ပြန်စနိုင်ရန် အားနည်းနေသေးသည်ဟု ဦးမင်းသိန်းက သုံးသပ်သည်။

“ဒီကနေ့အထိတော့ လိုင်းမှာတော့ ပလူပျံနေတာပဲ။ ချင်းရွှေဟော် ပြန်ဖွင့်မယ်။ ကန်ပိုက်တီး ပြန်ဖွင့်မယ် ဆိုပြီး တော့ ဒါပေမယ့် ဒီကနေ့အထိတော့ အခုချိန်ထိတော့ နှစ်ဖက်အစိုးရ အကြောင်းကြားလာတာ ဘာမှမရှိသေးဘူး။ ဘာမှ ဆက်သွယ်လာတာ မရှိသေးဘူး။ ဖွင့်ဖို့ကိစ္စက တော်တော်လေး ဝေဝါးသွားတယ်။
အားနည်းချက်တွေ ဖြစ်လာတယ်” ဟု ဦးမင်းသိန်းက ဆက်ပြောသည်။

ကိုဗစ်ကူးစက်ရောဂါ မတိုင်ခင်အချိန်တွင် မူဆယ်ကတဆင့် တရုတ်ပြည်နှင့် ကုန်သွယ်မှုမှာ တစ်ရက်လျှင် ကုန်ကားအစီးရေ ၂၀၀ နှင့် ၃၀၀ အကြား ပို့ဆောင်လျက်ရှိပြီး တရုတ်ပြည်ဘက်မှ အလားတူ ပမာဏအတိုင်း ဝင်ရောက်မှုရှိကြောင်း သိရသည်။