၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅
ယခုနှစ် မိုးကြက်သွန် စိုက်ပျိုးချိန်တွင် မြေဩဇာ၊ စက်သုံးဆီနှင့် ပိုးသတ်ဆေး စသည့် စိုက်ပျိုးသွင်းအားစုစရိတ်များသည် ယခင်နှစ်များထက် သိသာစွာ မြင့်တက်နေခြင်းကြောင့် ဆုံးရှုံးမှုများမည်ကို စိုးရိမ်သည့်အတွက် ကြက်သွန်စိုက်ပျိုးမှု နည်းပါးနေသည်ဟု ပခုက္ကူမြို့မှ ကြက်သွန်စိုက်တောင်သူ ဦးဇော်ဌေးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် တောင်သူများအတွက် ကြက်သွန်လက်ကျန်များ ကျန်ရှိနေသည့်အပြင် စိုက်ပျိုးစရိတ် နှစ်ဆနီးပါး မြင့်တက် လာခြင်းကြောင့် ဆုံးရှုံးမှုများမည်ကို စိုးရိမ်ကာ စိုက်ပျိုးမှု နည်းပါးနေခြင်း ဖြစ်ကြောင်း သိရသည်။
ဉီးဇော်ဌေး က “လက်ကျန်တွေကလည်း အများကြီး ရှိသေးတယ်။ ဈေးကလည်း ကြက်သွန်ဈေးက မကောင်းတော့ အဆင် မပြေတာ ပေါ့။ နောက် လုပ်နိုင်ဖို့ရာလည်း အားမရှိတော့ဘူးလေ။ မနှစ်ကလည်း ထိထားတာဆိုတော့။ ဒီနှစ်လည်း အခု ကြက်သွန်ဈေးက ရွာမှာတောင်မှ ၂၅၀၀၀ ၊ ၃၀၀၀၀ ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျနော်တို့ လျာ ထားတာက ၇၀၀၀၀၊ ၈၀၀၀၀ လျာထားတာဆိုတော့။ စိုးရိမ်တာပေါ့ မြေဆီဈေးတွေ ကောင်းနေတဲ့အခါကျတော့ စိုးရိမ်လို့ စိုက်အား နည်းတာပေါ့ စိုးရိမ် အားကြီးလို့။ နောက် ဈေးကွက်မလာရင် နှစ်ခါရှုံး ရှုံးမှာစိုးလို့ မစိုက်ကြတာပေါ့”ဟု CNI သို့ ပြောသည်။
လက်ရှိ စတင်စိုက်ပျိုးနေသည့် မိုးကြက်သွန်များကို စိုက်ပျိုးရာတွင် သွင်းအားစု စရိတ်များဖြစ်သည့် ဓာတ်မြေဩဇာဈေး၊ စက်သုံးဆီ ဈေးနှုန်းများ နှစ်ဆခန့် မြင့်တက်နေသော် လည်း ကြက်သွန်ဈေးနှုန်းများသည် တစ်ပိဿာ ၃၀၀ ကျပ်သာ ရှိသည့် အတွက် မိုးကြက်သွန်စိုက်ပျိုးမှု ထက်ဝက်ခန့် လျော့နည်းနေသည်ဟု ကြက်သွန်စိုက်တောင်သူ ဦးခင်မောင်ဌေးက ပြောသည်။
၎င်းက “မိုးရာသီ အခုကြက်သွန်က နှစ်တိုင်းနဲ့စာရင် မြေဩဇာဈေးတွေ နှစ်ဆ တက်လာတဲ့အတွက် လုပ်ဖို့ကိုင်ဖို့ကျတော့ အားနည်းတာပေါ့။ လက်ရှိ ရှိနေတဲ့ ကြက်သွန်လည်း ရောင်းရတာကျတော့ ဈေးက အခုမှ ၁၀၀ ပိဿာမှ ၃၀၀၀၀ ပဲ ရှိတာ လေ။ မြေဩဇာဈေးက မနှစ်က လေးသောင်း၊ ငါးသောင်း အိတ်တွေက အခုက တစ်သိန်း၊ ကိုးသောင်းတွေ ဖြစ်နေတဲ့ အခါ ကျတော့ လုပ်ဖို့ကိုင်ဖို့ အရင်းအနှီး နည်းတာပေါ့ တောင်သူတွေမှာ။ အတိုးအလျော့ကတော့ ဒီမှာ တစ်ဝက်လောက်ကို လျော့ လိမ့်မယ် မလုပ်နိုင်ကြဘူး။ မြေဩဇာစရိတ်တွေ များလာတယ်။ မြေတွေ ထွန်တဲ့အခါ စက်တွေ သုံးတဲ့အခါကျတော့ စက်က လည်း ဆီဈေးတွေ ကောင်းတဲ့အတွက် မနှစ်ကထက် နှစ်သောင်းခွဲ၊ သုံးသောင်း အဲလိုတွေ ပေးနေရတယ်။ တောင်သူတွေ အတွက်က ပေးရမယ့် ဥစ္စာတွေနဲ့ကျတော့ များနေတာလေ။ စိုက်မယ်ဆိုလည်း စက်လုပ်အားခ များတယ်။ မြေဩဇာ ဝယ် မယ်ဆိုလည်း မနှစ်ကထက် နှစ်ဆလောက် တိုးနေတာလေ။ အဲလိုတွေ ဖြစ်နေတယ်”ဟု CNI သို့ ပြောသည်။
မြန်မာနိုင်ငံတွင် မိုးကြက်သွန်များကို အောက်တိုဘာလ၌ စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလမှာ နှုတ်သိမ်းကြကြောင်း တောင်သူ များထံမှ သိရသည်။
၂၀၂၁ မိုးရာသီတွင်လည်း မိုးလယ်ပိုင်းအထိ မိုးခေါင်မှုခြင်း၊ နိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်နေခြင်း၊ COVID-19 တတိယ လှိုင်းကို ရင်ဆိုင်ခဲ့ရခြင်း၊ မိမိတို့ ဝယ်ယူသုံးစွဲရသည့် ကုန်ပစ္စည်းများ စျေးမြင့်တက်နေခြင်း စသည့် အခြေအနေ များကြောင့် တောင်သူများ အရှုံးပေါ်မည့် အခြေအနေကို ဖြတ်သန်းနေရသည်ဟု သိရသည်။
လက်ရှိ ပခုက္ကူဈေးကွက်တွင် ကြက်သွန်များ ရောင်းချနေဆဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် လက်ဝယ်များ ရှိသော်လည်း လက်ကျန် များပြားခြင်းကြောင့် အမြင့်ဆုံး တစ်ပိဿာ ကျပ် ၃၀၀ သာ ပေါက်ဈေးရှိကြောင်း သိရသည်။
ထို့အပြင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးလျက်ရှိသည့် စိုက်ပျိုးစရိတ် ချေးငွေများကို ကြက်သွန်အဓိက စိုက်ပျိုးနေသည့် ပခုက္ကူ အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ တောင်သူများသည် ခံစားခွင့် မရရှိကြကြောင်း တောင်သူများက ပြောသည်။
ကြက်သွန်စိုက်တောင်သူ ဦးဇော်ဌေးက “စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးမယ်ဆိုရင်တော့ တောင်သူတွေက အတိုင်းထက် လွန် ဝမ်းသာတာပေါ့။ ကျနော်တို့ ဘက်မှာ မရှိဘူး (စိုက်ပျိုးစရိတ်ချေးငွေက)။ တခြားကနေ အတိုးနဲ့ ယူရတာပေါ့။ ပိုက်ဆံရှိ တဲ့ သူဆီက အတိုးနဲ့ ယူရတယ်။ ရွာထဲက လည်တဲ့သူတွေဆီက အတိုးနဲ့ ယူရတယ်။ ဒါမှမဟုတ် မြို့ပေါ်က သူတို့နီးစပ်ရာ ကနေ အတိုးနဲ့ ယူရတယ်။ သူကလည်း အကန့်အသတ် ရှိတယ်ဗျ။ လေးလဆို လေးလတစ်ဖြတ်၊ ခြောက်လဆို ခြောက်လ တစ်ဖြတ် ဆပ်ရ တာ”ဟု CNI သို့ ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် ကြက်သွန်စိုက်ပျိုး ထွက်ရှိမှုများပြားပြီး ပခုက္ကူခရိုင်က အများဆုံးထွက်ရှိကာ တစ်နှစ်ကို တင်းပေါင်း သိန်း ၃၅၀ ဝန်းကျင်အထိ ထွက်ရှိနေသည်ဟု သိရသည်။