၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၅

ထိုင်းနိုင်ငံအတွင်း အလုပ်သမား လိုအပ်ချက်ကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမား များအား MOU စနစ်ဖြင့် နိုဝင်ဘာလကုန်တွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ခေါ်ယူရာတွင် ထိုင်းနိုင်ငံမှ အလုပ်ရှင်နှင့် အေဂျင်စီများက မိမိတို့တွင် အလုပ်ခွင်ရှိကြောင်း၊ အလုပ်သမားလိုအပ်ချက်မှာ မှန်ကန်ကြောင်း လိုအပ်သည့် စာရွက်စာတမ်းများ ပြင်ဆင်ပြီး အလုပ်သမားနှင့် အလုပ်အကိုင် ရှာဖွေခန့်ထားရေး လျှောက် ထားရမှာဖြစ်သည်။

အဆိုပါ အချက်အလက်များ ပြည့်စုံပါက သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ အထောက်အထား စာရွက်ထုတ်ပေးမည် ဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးရေးတိုးတက်ရေးဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက ပြောသည်။

၎င်းက “အဲ့အထောက်အထား စာရွက်ကို ဒီကအေဂျင်စီ၊ အလုပ်ရှင်ကနေပြီးတော့ ဗမာပြည်ဘက်ခြမ်းက အေဂျင်စီကိုပို့ အဲ့စနစ်နဲ့ သွားမှာပေါ့။ ဗမာပြည်ဘက်ခြမ်းက အေဂျင်စီကနေပြီးတော့ သူ့ရဲ့သတ်မှတ်တဲ့ အလုပ်သမားကို ရွေးချယ်မယ် ခေါ်ယူမယ်။ အဲ့စာရင်း ရပြီဆိုတော့မှ ဒီဘက်ခြမ်းမှာရှိတဲ့ DOE ဆီကို တင်ပြီးတော့မှ အေဂျင်စီကိုပြန်ပို့။ အဲ့တော့ ဒီဘက်က အေဂျင်စီတွေက ထပ်ပြီးတော့ မြန်မာအလုပ်သမား သံအရာရှိတွေ၊ အလုပ်သမား၊ အလုပ်အကိုင် ရှာဖွေရေးရုံးတွေကို သူတို့ Demand ဒီလောက်ရထားပါပြီ အဲ့တာတွေတင်ပြပေါ့” ဟု CNI သို့ ပြောသည်။

ထို့နောက် စာရွက်စာတမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို တင်ပြလာသည့်အခါတွင် အလုပ်သမားနှင့် အလုပ်အကိုင် ရှာဖွေခန့်ထားရေး(DOE)မှ စစ်ဆေးမည်၊ ထို့နောက် အလုပ် သမား သံအရာရှိများက အလုပ်သမား အရေအတွက်အား ထပ်မံ စစ်ဆေး၍ အဆင်ပြေပါက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ရှိ ထိုင်းနိုင်ငံသံရုံးသို့သွားရောက်၍ ဗီဇာယူရန် အကြောင်း ကြားစာ ပို့ထားမည်ဖြစ်ကြောင်း ဉီးမင်းဉီးက ရှင်းပြသည်။

ပုံ- မြန်မာရွှေ့ပြောင်း အလုပ်သမားများကိုတွေ့ရစဉ်။

တရားမဝင် လာရောက်ခြင်းထက် MOU စနစ်ဖြင့် လာခြင်းသည် ရွှေ့ပြောင်း အလုပ်သမားများအတွက် အလုပ်သမား အခွင့် ရေး ပိုရကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးရေးတိုးတက်ရေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

၎င်းက “အလုပ်သမား အခွင့်အရေးတွေ ရသင့်ရထိုက်တဲ့ လုပ်အားခတွေ လျော်ကြေးကိစ္စတွေက ထိထိရောက်ရောက် ရနိုင် တယ်။ ဒါတောင်မှပဲ အလုပ်သမားအေဂျင်စီတွေက အလုပ်သမားတွေကို လိမ်ညာပြီးတော့ ပို့ပေးနေတာတွေလည်း ရှိတယ်။ အဲ့ကိစ္စတွေကို အစိုးရတွေက စနစ်တကျဝင်ပြီးတော့ ကိုင်တွယ်သင့်တယ်ပေါ့။ သူတို့ကိုင်တွယ်မှပဲ အလုပ် သမား အခွင့် အရေး တွေကို အကာအကွယ် ပေးနိုင်မယ်လို့ထင်တယ်”ဟု CNI သို့ ပြောသည်။

MOU စနစ်ဖြင့် ရွှေ့ပြောင်း အလုပ်သမားများအား ခေါ်ယူရာတွင် အလုပ်သမားဘက်မှ ကုန်ကျမည့်စရိတ်သည် အင်မတန် များနိုင်ကြောင်း၊ ထိုသို့ကုန်ကျရခြင်းမှာ လုပ်ကိုင်ခွင့် လက်မှတ်၊ ဆေးစစ်ခ၊ ကိုဗစ်ကာကွယ်ဆေးထိုးခ စသည်တို့ အပါအဝင် ဖြစ်ကြောင်း သိရသည်။

ဦးမင်းဦးက “ကုန်ကျစရိတ်ကဗျာ တွက်ကြည့်မယ်ဆိုရင် ဘတ် ၂၀၀၀၀ နား ဖြစ်နေပြီ။ ဒါက တရားဝင် ကုန်ကျစရိတ် ဖြစ် မယ့်ဟာကို ခန့်မှန်းချေ ကုန်ကျစရိတ်ပဲ ဖြစ်တယ်။ အဲ့ဒါတောင် အဲ့လောက်ရှိတယ်ဆိုတော့ တဆင့်ခံ ပွဲစားတွေ များမယ် ဆိုရင် ဘယ်လောက်‌တောင် ဖြစ်သွားမလဲ။ သိပ်များတယ်လို့တော့ ကျနော်တို့ထင်တယ်။ တရားဝင် ပြောထားတာကတော့ အေဂျင်စီနဲ့ အလုပ်ရှင်က တာဝန်ယူရမယ်လို့ ပြောတယ်။ သို့သော် ဒါတွေသည် အလုပ်သမားတွေဆီပဲ ပုံကျလာလိမ့်မယ်” ဟု ပြောသည်။

MOU စနစ်ဖြင့် ခေါ်ယူမည့် ရွှေ့ပြောင်း အလုပ်သမားများအား ထိုးနှံပေးရန် ကိုဗစ်ကာကွယ်ဆေးများ အသင့်ရှိနေကြောင်း သိရသည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမား ၄၀၀၀၀၀(လေးသိန်း)ကျော် ခေါ်ယူမည်ဖြစ်ကာ မြန်မာနိုင်ငံမှ အလုပ် သမား ၂၀၀၀၀၀(နှစ်သိန်း)ကျော် ခေါ်ယူမည်ဖြစ် ကြောင်း၊ သုံးနိုင်ငံထဲတွင် အများဆုံးခေါ်ယူခြင်းဖြစ်ကာ လက်ရှိ ထိုင်းနိုင်ငံ တွင် ရွှေ့ပြောင်း မြန်မာအလုပ်သမား ဦးရေမှာ (၃)သန်းကျော်ရှိကြောင်း သိရသည်။