၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံအတွင်း ဒေါ်လာ လဲလှယ်ဈေးနှုန်း ပြန်လည် ကျဆင်းနေသော်လည်း ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိသေးပဲ အမြင့်ပိုင်းတွင်သာ ရှိနေသေးသည်။
စက်သုံးဆီ ဈေးနှုန်းများသည် ပြည်တွင်း ဒေါ်လာဈေးနှုန်းနှင့် ကမ္ဘာ့ရေနံဈေး အတက်အကျပေါ်တွင် မူတည်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
၎င်းက “အခုချိန်ကတော့ စက်သုံးဆီကတော့ ကမ္ဘာ့ရေနံဈေးပေါ့နော်။ ဒီဟာနဲ့လည်း သွားပြီး သက်ဆိုင်တာပေါ့နော်။ သူက ဒေါ်လာဈေးတင် မကဘူး။ ဒေါ်လာဈေး အတက်အကျလည်း အဲဒီအပေါ်လည်း ဆိုင်တာပေါ့။ အခုချိန် ရေနံဈေး တက်နေတဲ့ ဟာ ဖြစ်ရင်လည်း စက်သုံးဆီဈေးနှုန်းကျဖို့ ခက်တာပေါ့နော်၊ အဲနှစ်ခုပေါ့။ စက်သုံးဆီဈေးနှုန်းက ကမ္ဘာ့ရေနံဈေး အတက် အကျနဲ့ ဆိုင်မယ်ထင်တယ်။ ဒါပေမယ့် ဒေါ်လာဈေးက ကျပြီးတော့မှ ကမ္ဘာ့ရေနံဈေးက တက်ရင်လည်း လက်ရှိ ပြည်တွင်း ဆီဈေးက ကျဖို့မလွယ်ဘူး။ ဒေါ်လာဈေးရော၊ ရေနံဈေးရော နှစ်ခုလုံးကျရင်တော့ ကျမှာပေါ့”ဟု CNI သို့ ပြောသည်။
မြန်မာနိုင်ငံဗဟိုဘဏ်က ပြည်တွင်းဒေါ်လာဈေး ကျဆင်းစေရန်အတွက် နိုင်ငံခြားငွေ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့ကို ယခုလအတွင်းမှာ သတ်မှတ်ခဲ့သည်။ လက်ရှိ အမေရိကန်ဒေါ်လာဈေးသည် ၁၉၃၅ ကျပ်မှ ၁၇၇၅ ကျပ်အထိ ကျဆင်း လာခဲ့သည်။
သို့သော် စက်သုံးဆီးဈေးနှုန်းများမှာမူ ပြန်လည်ကျဆင်းလာခြင်း မရှိသေးပေ။ ထိုသို့ စက်သုံးဆီဈေး မကျဆင်းသေးခြင်းက လည်း စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ဒေါ်လာအမြင့်ဈေးဖြင့် တင်သွင်းထားရခြင်းကြောင့် ဖြစ်သည်ဟု စက်သုံးဆီကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဉီးက CNI သို့ ပြောသည်။
Photo - CNI
၎င်းက “စက်သုံးဆီ အလားအလာကတော့ အခုက သုံးသပ်လို့ မရဘူး။ ဒေါ်လာဈေးက တစ်ရက်နဲ့ တက်မလား တစ်ရက်နဲ့ ကျမလား။ ဒီနေ့ အခု ၁၉၀၀ တို့၊ ၁၇၀၀ တုန်းက သူသွင်းထားတယ်။ အခု ၁၃၀၀ နဲ့ ပြန်ရောင်းတော့ သူတို့လည်း ဈေးတွေ ရှုံးပြီပေါ့။ အခြေအနေက သုံးသပ်လို့ကို မရတော့ဘူး။ ဘာလို့လဲဆိုတော့ ဟိုမှာ ၁၇၀၀ နဲ့ ဝယ်ပြီး သွင်းထားတဲ့ ဆီက အခု ၁၃၀၀ ဆိုတော့ ဆီတစ်ပီပါက ရှုံးသွားပြီ။ အဲတော့ သိန်းနှင့်ချီ ရှုံးသွားပြီ။ တန်တွေများလာရင် အများကြီး ရှုံးသွားမယ်ဆိုတော့ သူဌေးတွေလည်း မချောင်တော့ဘူး၊ လုပ်ငန်းရှင်တွေလည်း မချောင်တော့ဘူး” ဟု CNI သို့ ပြောသည်။
စက်သုံးဆီ ဈေးနှုန်းများသည် ဖေဖော်ဝါရီ မတိုင်ခင်က တစ်လီတာ ၇၀၀ ကျပ်ခန့် ရှိခဲ့သော်လည်း တဖြည်းဖြည်း မြင့်တက် လာရာ စက်တင်ဘာလတွင် စက်သုံးဆီဈေးနှုန်း တစ်လီတာ ၁၆၀၀ နီးပါးအထိ ဖြစ်ပေါ်ခဲ့သည်။
သို့သော် လက်ရှိ နိုဝင်ဘာလမှာတော့ စက်သုံးဆီဈေးနှုန်းများသည် 92 တစ်လီတာ ၁၃၈၅ ကျပ်နှင့် 95 တစ်လီတာ ၁၄၃၅ ကျပ် ပေါက်ဈေး ရှိနေသည်။
စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့် ၁၀ လခန့်နှင့် နှိုင်းယှဉ်ပါက ကျပ် ၆၀၀ ကျော် မြင့်တက်နေခြင်းကြောင့် အငှားယာဉ် မောင်းများအနေဖြင့် ထိခိုက်မှုများရှိနေကြောင်း ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
Photo - CNI
၎င်းက “စက်သုံးဆီက ဈေးကမကျ။ ကားကလည်း ဆွဲလို့မကောင်း။ အဲတော့ ကားတွေက ဘီးလှိမ့်ဖို့ရှိရင် ဘီးမလှိမ့်ဘဲနဲ့ ရောက်တဲ့နေရာမှာ ကားတွေ ထိုးပြီးတော့ ရှာရတဲ့အခါကျတော့ တက္ကစီသမားတွေအတွက် ဝင်ငွေလျော့တာပေါ့။ လျှောက် ပတ်ရှာနေရင်လည်း မရဘူးလေ။ ဆီကုန်တာကိုး။ ဆီဈေးတွေ တက်သွားတဲ့အတွက် မကိုက်လို့ ရွာပြန်သွားတဲ့ အငှားတက္ကစီ ယာဉ်မောင်းတွေ အများကြီးပဲ။ အခု ကိုယ်ပိုင်ယာဉ်မောင်းတွေလောက်ပဲ ကျန်တယ်။ အငှားမောင်းတဲ့သူဆို လုံးဝ မကိုက် တော့ဘူး။ လုံးဝမကိုက်တဲ့အတွက် ကိုယ်ပိုင်ယာဉ်မောင်းတွေလောက်ပဲ မောင်းနိုင်ကြတော့တယ်။ ကိုယ်ပိုင် ယာဉ်မောင်း ဆိုတာ ကိုယ့်အုံနာကြေး ကိုယ်ရှာပြီးတော့ အုံနာကြေးထက် ပိုတာသည် ဆီထည့်။ ဒါလောက်နဲ့ပဲ သူ့ဟာသူ တစ်နေ့ကို စားဖို့ သောက်ဖို့နဲ့ကို ဘာမှမကျန်ဘူး။ ဒီလောက်ဆီဈေးနဲ့ ကျမှမကျတာ။ တချို့ဆို တစ်နေ့ ၃/၄/၅ ထောာင်လောက်ပဲ ကျန်တယ်။ အဲဒါတောင်မှ ကိုယ်ပိုင်မောင်းတာနော်”ဟု CNI သို့ ပြောသည်။
ယခင်က အငှားတက္ကစီယာဉ်မောင်းများအနေဖြင့် စားပြီးသောက်ပြီး ၁၅၀၀၀ ဝန်းကျင် ကျန်သော်လည်း လက်ရှိတွင် တစ်နေ့လျှင် ၅၀၀၀ ဝန်းကျင်သာ ကျန်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် စက်သုံးဆီများကို စင်ကာပူနှင့် ထိုင်းနိုင်ငံများမှတဆင့် တင်သွင်းကြရာ ယခုကာလ မှာ စင်ကာပူနိုင်ငံမှ အများဆုံး တင်သွင်းနေကြောင်း စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများက ပြောသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ၆ သန်းခန့် တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။