၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ ရန်ကုန်တိုင်းတွင် တက္ကစီ ယာဉ်များအသင်းဖွဲ့စည်းခြင်းအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းရန်ရှိကြောင်းနှင့် ထိုသို့ လုပ်ဆောင်ခြင်း သည် ထိရောက်မှုမရှိနိုင်ကြောင်း တက္ကစီသမားများက CNI သတင်းဌာနသို့ ပြောသည်။

တက္ကစီမောင်းနှင်နေသူ ကိုစိုး(အမည်လွှဲ)က“ဘာဖြစ်လို့လဲဆိုတော့ တစ်နေရာထဲမှာပဲ ထိုင်ပြီးတော့ ခရီးသည်ပါမှ တက်မယ်။ ခရီးသည်လာမလာ ဂိတ်ပုံစံမျိုးဖြစ်သွားပြီလေ။ ဂိတ်ပုံစံမျိုးဖြစ်သွားတော့ ဒီ ဂိတ်ကနေပြီးတော့ ခရီး သည် ဘယ်လောက်ထိ ထွက်နိုင်မလဲ။ နောက်တစ်ခုက ဂိတ်မှာလည်း အစီးရေ ဘယ်လောက်ရှိမယ်၊ အလှည့်ကျ ထွက်ရမယ်၊ အလှည့်ကျထွက်ရင် ကိုယ့်အလှည့်ရောက်ဖို့အတွက် တနေကုန်စောင့်ရမလား နေ့တဝက် စောင့်ရ မလား၊ ဒါမှမဟုတ် နာရီဝက် တစ်နာရီစောင့်ရမလားဆိုတာ မသိသေးဘူး။ လမ်းမှာလူတွေ တားတယ်ဆိုတာက လည်း တက္ကစီစီးတယ်ဆိုတာက ဘတ်စ်ကားမှတ်တိုင်မှာလို မတ်တပ်ရပ်ပြီး စီးရတာမဟုတ်ဘူး။ နိုင်ငံခြားမှာ တက္ကစီ stand တွေရှိတယ်။ ကိုယ့်ဗမာပြည်မှာရော အဲ့လိုမျိုးစီးရမလား အဲ့ဒါရှိသေးတယ်”ဟု  ၎င်းက ပြောသည်။

YRTC အနေဖြင့် ယာဉ်ကြောကြပ်တည်းမှုအား ဖြေရှင်းရန်၊ တက္ကစီယာဥ်ရပ်ဝန်းအား တည်ဆောက်ပေးနိုင်ရန်နှင့် မြို့တွင်းခရီးသည်မပါဘဲ သွားလာနေသည့် တက္ကစီများ လျော့နည်းသွားစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခုလို တက္ကစီယာဉ်များအသင်းဖွဲ့စည်းရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအသင်းတွင် တက္ကစီယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများ ပါဝင်နိုင်မှာဖြစ်သည်။

တက္ကစီယာဉ်မောင်းသမားတစ်ဦးဖြစ်သူ ကိုမောင်လှ(အမည်လွှဲ)က “ကျနော်ကတော့ သက်ရောက်မှု မရှိဘူး ထင်တာပဲ။ ဘာလို့လဲဆို ကိုယ်ပိုင်ကားတွေရှိတယ်၊ အငှားကားတွေရှိတယ်။ သူတို့တွေကတော့ လမ်းပေါ်မှာ ခရီးသည် မရရအောင်လို့တော့ ထွက်ရှာမှာပဲလေ။ အဖွဲ့အစည်းဖွဲ့လိုက်ရင်ရော အော်ဒါတွေက ဘယ်လိုပေးမှာလဲ။ အဲ့ဒါတွေရှိသေးတယ်လေ။ ဆိုင်တော့မဆိုင်ဘူးလို့တော့ ထင်တယ်” ဟု CNI သို့ ပြောသည်။

ရန်ကုန်မြို့တွင် စီးတီးတက္ကစီမှတ်ပုံတင်ထားသည့် အရေအတွက်မှာ ၆၅၀၀၀ ခန့်ရှိပြီး နယ်လိုင်စင်ဖြင့် အငှား ယာဉ်လိုင်စင်ခွင့်ပြုပေးထားသည့် အရေအတွက် ၂၀၀၀၀ ကျော်ရှိကြောင်း သိရသည်။