၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃
ပြီးခဲ့သည့် ရက်အနည်းငယ်က ရွှေလီရှိ ဒေသအာဏာပိုင်များသည် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား ပြန်လည်ဖွင့်လှစ် ရန် အထူးအစည်းအဝေးတစ်ခုကျင်းပကာ ဆွေးနွေးခဲ့ကြပြီးနောက် ယခုအခါတွင် ချင်းရွှေဟော်နှင့် ကန်ပိုက်တီးဂိတ် တို့အား ပြန်လည်ဖွင့်လှစ်ရန်အတွက် ကျန်းမာရေးနှင့်အညီ သတိထား ပြင်ဆင်ဆောင်ရွက်ထားရန် ယူနန်အစိုးရမှ ညွှန်ကြားချက်ထုတ်ပြန်လာကြောင်း သိရသည်။
မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌလည်းဖြစ် ခွာညိုသစ်သီးပွဲရုံပိုင်ရှင်လည်းဖြစ်သည့် စိုင်းခင်မောင်က “တရုတ်ဘက်ကပြင်ဆင်နေတယ် ဖွင့်ဖို့၊ သူ့ဘက်ကဝန်ထမ်းတွေ ကျန်းမာရေးစစ်ဆေးဖို့ အခင်းအကျင်းတွေ ပြင်ဆင်နေတာ။ အဲဒီအတွက် ညွှန်ကြားတာ ဒါပဲတင်ထားတာပဲ။ အခုက တရုတ်ဘက်က ပြင်ဆင်မှုအနေနဲ့ပဲ တင်ထားတာ။ ဒီအနေထားအရဆိုရင်တော့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းတာအဆင်ပြေတယ်ဆိုရင်တော့ ဒီလထဲမှာကို ဖွင့်နိုင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ချင်းရွှေဟော်ဂိတ်တွင် ဆန်၊ ပြောင်း၊ စားသောက်ကုန်များနှင့် ဓာတ်မြေဩဇာတို့ကို ကုန်သွယ်ကြခြင်းဖြစ်ကာ ကန်ပိုက်တီးဂိတ်တွင် ငှက်ပျောသီးအား အများဆုံးကုန်သွယ်ကြကြောင်း သိရသည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းကတော့ နိုဝင်ဘာလအတွင်း နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန် မဖွင့်လှစ်နိုင်လောက်သေးကြောင်း သုံးသပ်ထားသည်။
အကြောင်းအရင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်တိုင်း ရွှေလီမြို့၌ COVID-19 ရောဂါပိုး တွေ့ရှိသည်ဟု ဆိုကာ နိုဝင်ဘာ ၈ ရက် ဒေသစံတော်ချိန် ညသန်းခေါင်ယံအချိန်မှစ၍ တစ်မြို့လုံးကို Lockdown တစ်ပတ်တိတိ ချထားပြီး ပိုးတွေ့လူနာထပ်ရှိလာပါက Lockdown ထပ်မံချထားမည့် အစီအစဉ်တို့ကြောင့် ဖြစ်သည်။
“သူတို့က ကျန်းမာရေးကို အဓိကဦးစားပေးပြီးတော့ လုပ်နေတာဖြစ်တဲ့အတွက် ၁၁ လပိုင်းအကုန်မှာ ပြန်ဖွင့်မယ် ဆိုတဲ့ကိစ္စကလည်း အန်ကယ်တို့အနေနဲ့သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒို့ ဗမာပြည်ဘက်ကိုလည်း ဘာမှ အကြောင်းမကြားလာဘူး။ သူတို့ဘက်က ကြေညာတာရှိတယ်။ ဗမာပြည်ဘက်ကို အခုထက်ထိ ဘာမှအကြောင်း မကြားလာသေးဘူး။ ဒါကြောင့် ၁၁ လပိုင်း ဖွင့်မယ်ဆိုတာကလည်း သိပ်တော့မဖြစ်နိုင်ဘူး” ဟု ဉီးမင်းသိန်းက ပြောသည်။
တရုတ်ဘက်မှ ချင်းရွှေဟော်ဂိတ်အား အောက်တိုဘာ ၂၇ ရက်နေ့က ၎င်းတို့လိုအပ်သည့် ကုန်ပစ္စည်း ၄ မျိုးကိုသာ တင်သွင်းခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ပြီး မြန်မာဘက်မှ တာဝန် ရှိသူများထံ တစ်စုံတစ်ရာ အကြောင်းကြားခြင်းမျိုး မရှိခဲ့သည့်အတွက် လက်ရှိတွင် ပိတ်ထားဆဲပဲဖြစ်ကြောင်း သိရသည်။
ယူနန်အစိုးရမှ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးဂိတ်တို့အား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါက ပုံမှန်ကုန်သွယ်မှုအတိုင်း ကုန်သွယ်ရနိုင်ကြောင်းနှင့် ယခင်ကဲ့သို့ ကုန်ပစ္စည်း အမျိုးအစား ကန့်သတ်လာပါက ကန့်ကွက်သွားမည် ဖြစ် ကြောင်း ကုန်သည်များက ဆိုသည်။
မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက“သူတို့ကတော့ ဘာမှအကြောင်းမကြားလာသေးဘူး။ တကယ်လို့ အကြောင်းကြားလာလို့ ပြန်ဖွင့်မယ်ဆိုရင်လည်း အန်ကယ်တို့ကတော့ ထင်တာပေါ့လေ။ အဲဒီလို ကန့်သတ်ချက်တွေပါမှာမဟုတ်လောက်ဘူး။ ဒီလိုပဲ ပုံမှန်အတိုင်းပဲဝင်မယ်၊ ပုံမှန်အတိုင်းပဲထွက်မယ်။ အဝင်ရော အထွက်ရော လုံးဝကန့်သတ်ချက်မပါဘဲနဲ့ အဝင်အထွက်ကိစ္စတွေကို စီစဉ်မယ်လို့တော့ ထင်တယ်။ တကယ်လို့ ကန့်သတ်လာရင်တောင်မှ ဒို့က လက်မခံဘူး။ လက်ရှိကလည်း ချင်းရွှေဟော်ဂိတ်ကို ပြန်ဖွင့်ဖို့ မဆက်သွယ်သေး ဘူး။ တကယ်လို့အကြောင်းကြားလာရင်တော့ ကျနော်တို့ကို ၄ မျိုးပဲ လက်ခံမယ်ဆိုရင် ဒီဘက်က လက်မခံဘူး” ဟု ပြောသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များအား တရုတ်နိုင်ငံဘက်မှ ကိုဗစ်အကြောင်းပြပြီး ဇူလိုင်လ ၈ ရက်နေ့ ကတည်းက ပိတ်ထားသည့်အတွက် အချို့ကုန်သည်များသည် ကုန်သွယ်မှုလမ်းကြောင်း ပြောင်းပြီး ကုန်သွယ်ကြ သကဲ့သို့ အချို့ကုန်သည်များမှာ ရပ်နားထားရသည်။
နှစ်နိုင်ငံနယ်စပ်ဂိတ်များပိတ်ထားသည့်အတွက် ကုန်သည်များ၊ ယာဉ်မောင်းများ၊ ကုန်တင်ကုန်ချ အလုပ်သမား များအနေဖြင့် ထိခိုက်နစ်နာမှုများရှိခဲ့ကာ နိုဝင်ဘာလတွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်ဖွင့်မည် ဆိုပါက မြန်မာနိုင်ငံသည် တရုတ်ဘက်မှ နယ်စပ်ဂိတ် ပထမဆုံးဖွင့်ပေးသည့် နိုင်ငံဖြစ်လာနိုင်သည်။
ယင်းသို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဟု သတင်းများ မကြာခဏ ထွက်ပေါ် နေသော်လည်း လက်ရှိအချိန်ထိ ပြန်လည်မဖွင့်လှစ်နိုင်သေးပေ။