CNI News
၂၀၂၁ နိုဝင်ဘာ ၁၂
ဒေါ်လာဈေး မြင့်တက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်ပမှ လူစီးမော်တော်ယာဉ် တင်သွင်းမှုအား ပိတ်လိုက်ပြီးနောက် ပြည်တွင်း၌ SKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်သည့် မော်တော်ကား ဈေးကွက်များ အရောင်းအဝယ် အေးနေကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။
ဒေါ်လာဈေးနှုန်း ကျဆင်းမှုကြောင့် SKD စနစ်ဖြင့် ထုတ်လုပ်သည့် မော်တော်ယာဉ်များ အရောင်း အဝယ် အေးသွားခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး‌ရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “SKD ကတော့ ပေးသွင်းထားပါတယ်။ သူက မပိတ်ဘူးပေါ့။ ဒါပေမယ့် အရောင်းအဝယ်က တအားကြီး မတက်ဘူး။ ပထမပိုင်းက ဒေါ်လာဈေးက တအားကြီး တက်သွားတယ်လေ။ တက်တဲ့အချိန်မှာတော့ အရောင်းအဝယ် ကောင်းတယ်။ နောက် ဒေါ်လာဈေးက နည်းနည်း ပြန်အေးတော့ လူတွေက နည်းနည်းပြန်အေးသွားတယ်။ ဒေါ်လာဈေး တက်တယ်ဆိုလို့ ဝယ်ကြတာလေ။ အခုက ဒေါ်လာဈေး နည်းနည်း အေးသွားတဲ့အခါကျတော့ အရောင်းအဝယ်က ပြန်အေးသွားတာပေါ့။ ဝယ် တဲ့သူလည်း နည်းနည်းရပ်သွားတယ် စောင့်ကြည့်နေကြတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်တိုင်းမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင်ကတော့ ပြည် တွင်း၌ SKD စနစ်ဖြင့် ထုတ်လုပ်သည့် ကုမ္ပဏီအများစုမှာ အစောပိုင်းကာလက ရပ်နားထားခြင်းနှင့် SKD စနစ်ဖြင့် ထုတ် လုပ်သည့် မော်တော်ယာဉ်များအား ဒေါ်လာဖြင့် အရောင်း အဝယ် လုပ်ခြင်းတို့ကြောင့် ဈေးကွက် နည်းသွားသည်ဟု ဆိုသည်။
၎င်းက “SKD စက်ရုံတွေက အစောပိုင်းမှာ ငွေဈေးတက်တဲ့ အချိန်မှာပေါ့နော် သူတို့ ရပ်ထားကြတယ်။ ဈေးနှုန်းတည်ငြိမ်မှ သူတို့က လုပ်လို့ကောင်းတာကိုး။ သူတို့က ဈေးနှုန်း အသေ သတ်မှတ်တာကိုး။ ငွေကြေးကစားတဲ့ အခါကျတော့ SKD ကို ဥပမာ ဟွန်ဒိုင်း အရင်တုန်းက မြန်မာငွေနဲ့ ရောင်းတယ်။ အခု ဒေါ်လာဈေးနှုန်း ဖန်တီးလိုက်တယ်။ ဈေးနှုန်းက ဒေါ်လာဈေး တက်ရင်တက်တယ်။ ကျရင် ကျတယ်။ ဈေးနှုန်းက မတည်ငြိမ်တဲ့ပုံစံတွေ ဖြစ်တော့ ဝယ်တဲ့သူလည်း နည်းနည်း စိတ်အနှောင့် အယှက် ဖြစ်သွားတာပေါ့။ နောက်တစ်ခုက ဆူဇူကီး ယနေ့ထက်ထိ ကားစက်ရုံကနေပြီးတော့ ဖြန့်ဖြူးရောင်းချတာ မရှိသေး ဘူး။ ဈေးနှုန်းလည်း အသစ် သတ်မှတ်ထားတာ မရှိသေးဘူး။ ရပ်ထားတာလည်း နည်းနည်းလေးကြာပြီ။ ပြောရရင်တော့ SKD က ဈေးကွက်ထဲမှာ နေရာယူတာ နည်းနည်း နည်းသွားတာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် SKD စနစ်ဖြင့် ထုတ်လုပ်သည့် မော်တော်ယာဉ်များသည် နံပါတ်ထွက်ပြီးဖြစ်သည့်အတွက် ယခင်ကထက် အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။
သို့သော် နံပါတ် မထွက်သေးသည့် SKD စနစ်ဖြင့် ထုတ်လုပ်သည့် မော်တော်ယာဉ်များကမူ ဈေးကွက်နှေးနေကြောင်း ဦးမင်းမင်းမောင်က ပြောသည်။
၎င်းက “SKD ငြိမ်နေတယ်ဆိုတာက နံပါတ် မထုတ်ရသေးတဲ့ အသစ်။ SKD ဈေးကွက်အသစ်ကို နည်းနည်းလေး ငြိမ်နေတယ် ပြော တာ။ ဆိုတော့ SKD နံပါတ်ထွက်ပြီးသား အဟောင်းတွေက သူ့ဟာနဲ့သူ လည်ပတ်နေတယ်။ ဆိုတော့ SKD စက်ရုံကနေ အခု ထုတ်ရောင်းမယ့် Showroom ကနေ ထုတ်ရောင်းမယ့် နံပါတ် မယူရတဲ့ ကားတွေကတော့ ဈေးနှုန်း နည်းနည်းကြီးတော့ နည်းနည်းလေး လည်ပတ်အား ‌နှေးသွားတယ်။ ဒါကတော့ အမှန်ပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်း၌ SKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်နေသည့် ကားများမှာ တရုတ်ကုမ္ပဏီထုတ် ကားများ၊ ဂျပန်ထုတ် ဆူဇူကီး(Suzuki)နှင့် နီဆန်း(Nissan)၊ ကိုရီးယားထုတ် ကီရာ (KIA)နှင့် ဟွန်ဒိုင်း(Hyundai)၊ အမေရိကန်ထုတ် ဖို့စ်(Ford) စသည်တို့ ဖြစ်သည်။