၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀

တရုတ်သို့တင်ပို့သည့် ဖရဲများသည် ယခင်က တစ်ကီလိုလျှင် ၇ ယွမ်အထိ ပေါက်ဈေး ရရှိခဲ့သော်လည်း ယနေ့ (ဇန်နဝါရီ ၁၀ ရက်နေ့)တွင်  ဈေးကွက်မှာ တစ်ကီလိုလျှင် ၅ ယွမ်နှင့်အောက်အထိ ကျဆင်းသွားကြောင်း  မူဆယ်ရှိ သစ်သီးဝလံကုန်စည်ဒိုင် မှ သိရသည်။

ထိုသို့ ဈေးကျသွားခြင်းကြောင့် တောင်သူနှင့် ကုန်သည်များ အရှုံးပေါ်ကြောင်း ဖရဲစိုက်တောင်သူ မနီလာက CNI သို့ ပြော သည်။

ဖရဲစိုက်တောင်သူ မနီလာက “အဲ့ဒါကတော့ လုံးဝကို အရှုံးပေါ်ပါတယ်။ အရည်အသွေးက ရက်ကြာစောင့်ဆိုင်းရတာနဲ့၊ ဟိုမှာ သယ်ယူမှု စရိတ်များတာနဲ့ လုံးဝကို တွက်ချေက မကိုက်ဘူး ဖြစ်သွားတယ်။ အရင်တုန်းက ကျမတို့ အရည်အသွေးကောင်းတဲ့ အသီးတွေ သယ်သွားခဲ့ရင်တောင်မှ ရက်တွေအကြာကြီး စောင့်ဆိုင်းရတာရယ်။ အသီးက အရည်အသွေး ကောင်းရင်တောင်မှ အရည်အသွေး မမှီတော့ဘူး ဖြစ်သွားတယ်။ အရင်တုန်းက ထွက်သွားတဲ့ ကျမရဲ့ကားတွေတောင်မှ အခုချိန်ထိ မချနိုင်သေး ဘူး”ဟု ပြောသည်။

လက်ရှိ အခြေအနေတိုင်း ရေရှည် ဆက်သွားနေမည်ဆိုပါက တရုတ်တွင် မြန်မာ့ဖရဲဈေးကွက်ပျက်သွားနိုင်ကြောင်း ၎င်းက ပြောသည်။

တခြားတစ်ဖက်မှာလည်း တရုတ်မှ မြန်မာသို့ဝင်သည့် ခေါက်တိုကား အစီးအရေနည်းသည့်အတွက် တရုတ်သို့ ဖရဲတင်ပို့ရန် ကုန်သည်နှင့်တောင်သူများက ခေါက်တိုကားငှားရာ တွင် ဈေးပိုပေးပြီး အပြိုင်အဆိုင် တင်ကြခြင်းကြောင့် ယခင်က သိန်း ၂၀ ဝန်းကျင်သာရှိသည့် ကားငှားခမှာ လက်ရှိမှာတော့ သိန်း ၁၀၀ ကျော်ပေးရကြောင်း ကုန်သည်များထံက သိရသည်။

ဖရဲစိုက်တောင်သူ ကိုစည်သူအောင်က “အရင်က စစချင်းတုန်းကကျ တရုတ်ဘက်က အသီးလိုတယ်လေ။ တော်ရုံတန်ရုံ မကောင်းလည်း ဝယ်လိုက်တော့တာ။ အခုကျတော့ သူတို့ဆီမှာ လိုချင်သလောက် မရရင်တောင် အနည်းအပါးတော့ ရသွားပြီ လေ။ အဲ့ကျ တော်ရုံတန်ရုံမကောင်းရင် မယူတော့ဘူး။ ပယ်သီးတွေ များလာတာ။ ကျနော့်အထင်ကတော့ မနှစ်ကလိုပဲ သွား တော့မှာပဲ။ မနှစ်ကလည်း ဒီလိုပဲ ၇ ယွမ်၊ ၈ ယွမ်ဖြစ်ပြီးမှ နောက်ပိုင်းကျ အသီးပျက်တာနဲ့ ဖြစ်ကုန်တာလေ။ အဲ့လိုပဲ သွား တော့မယ် ထင်တာပဲ ကျနော်ကတော့။ ပုံမှန်နှစ်တွေလိုမျိုး ကုန်ကျစရိတ် နည်းရင်တော့ အဆင်ပြေတယ် ၅ ယွမ်က။ အခုလို ကျ အဆင်မပြေတော့ဘူး။ အခုက ဂျက်ဖာခတွေရော၊ လမ်းစရိတ်၊ လမ်းကြေးတွေရော တောင် သူကခံရတာဆို‌တော့ တောင် သူက မနည်းဘူးပဲကုန်တာဆိုတော့ ၅ ယွမ်အောက်ကျတာတို့၊ ၅ ယွမ်တို့ဆို ရှုံးမှာပဲ တောင်သူတွေက” ဟု ပြောသည်။

လက်ရှိ တင်ပို့ရန် စောင့်ဆိုင်းနေသော ဖရဲကားများ အခြေအနေကို မေးမြန်းစုံစမ်းပြီးမှသာ တင်ပို့ကြရန် မူဆယ်ရှိ သစ်သီး ဝလံကုန်စည်ဒိုင်မှ ပြောသည်။

လတ်တလော အရှုံးပေါ်သည့် အခြေအနေများကြောင့် ဆောင်းဖရဲစိုက်ပျိုးမှုများ အနည်းငယ်သာ စိုက်ပျိုးကြတော့ကြောင်း ဖရဲစိုက်တောင်သူများက ပြောသည်။

မြန်မာ့ဖရဲအများစုသည် တရုတ်သို့တင်ပို့ရန် သွားနေကြသည့်အတွက် ယခုလက်ရှိတွင် ပြည်တွင်း၌ ဖရဲသီးရှားနေပြီး ဈေး အနည်းငယ်ကောင်းနေကြောင်း သိရသည်။