၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု၍ ကုန်သွယ်ရေး ဇန်နဝါရီ ၁၂ ရက်၌ စတင် မည်ဖြစ်ကြောင်း မူဆယ်ရှိ ကုန်သည်များထံက သိရသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာကျပ်ငွေ ၁၀၀၀၀(တစ်သောင်း)နှင့်ညီမျှသည့် ယွမ်ငွေ အကောင့်များအား မူဆယ်ကုန်သွယ်ရေးဇုန်ဒေသရှိ မြန်မာ့စီးပွားရေးဘဏ်က ဖွင့်ခွင့်ပြုထားသည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “ကုမ္ပဏီဟုတ်ဟုတ် မဟုတ်ဟုတ် နယ်စပ်ဒေသမှာ အရောင်း အဝယ်လုပ်တဲ့သူ မှန်သမျှကို မြန်မာ့စီးပွားရေးဘဏ်မှာ ယွမ်ငွေအကောင့်ကို ဗမာငွေ ကျပ်ငွေတစ်သောင်းက စပြီးတော့ ဖွင့်လှစ်လို့ရပါပြီ။ တရုတ်ပြည်ကို ဆန်ရောင်းမယ်၊ ပြောင်းရောင်းမယ်၊ ပဲရောင်းမယ် ဘာပဲရောင်းရောင်း ဒီအကောင့်ဖွင့်မှ ကျနော်တို့ ‌ရောင်းလို့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျင်စန်းကျော့ အပေါက်ကဝင်လို့ တရုတ်ပြည်ထဲ ရောက်လို့ရှိရင် တရုတ် ကာစတန်(အကောက်ခွန်)ကနေမေးမယ်၊ ခင်ဗျားတို့ ယွမ်ငွေကနေ ဟိုဒင်းပြောင်းတဲ့ အကောင့်ပြမှ ဒီကုန်ပစ္စည်းကို ဝင်ခွင့် ပေးမယ်၊ ‌ရောင်းခွင့်ပြုမယ်။ ဒါ့ကြောင့် ဒီစနစ်ကို ကျနော်တို့ ဇန်နဝါရီ ၁၂ ရက်နေ့ကစပြီးတော့ စတင် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ အဓိကကတော့ ဒေါ်လာကို ရိုက်ချိုးချင်တာလည်း ပါတယ်။ ယွမ်ငွေနဲ့ပဲ အရောင်းအဝယ် ဖြစ်စေချင်လို့ လုပ်တဲ့ ပုံစံ အခုဟာက”ဟု CNI သို့ ပြောသည်။

ပုံ-ကုန်ကားများကိုတွေ့ရစဉ်။

ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက် ပေးချေမှုအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာ ၁၄ ရက်နေ့က တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ စေရန်အတွက် ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်ရာတွင် ယွမ်ငွေစာရင်း တိုက်ရိုက်ပေးချေရာ၌ ဖြစ်ပေါ်နိုင်သည့် အခက်အခဲများအား  Bank of China, Industrial and Commercial Bank of China (ICBC) ဘဏ်တို့နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

သို့သော် လက်ရှိတွင် ယွမ်/ကျပ် တိုက်ရိုက်ဖြင့် လုပ်ဆောင်ရာတွင်လည်း အဆင်မပြေသည့် အပိုင်းများရှိကြောင်း ကုန်သည် များက ပြောသည်။

ယခင်က ကုန်သွယ်မှုအတွက် မည်သည့် ဘဏ်တွင်မဆို ငွေထည့်၍ရသော်လည်း လက်ရှိတွင် ဗဟိုဘဏ်မှ ရွေးချယ်ထားသည့် ဘဏ်တွင်သာ ထည့်ရမည်ဖြစ်ကြောင်း၊ ယခင်က ကုန်သွယ်၍ရသည့် ငွေအား ပုဂ္ဂလိက ငွေလဲသူများထံတွင် လဲလှယ်၍ရ သော်လည်း ယွမ်/ကျပ် တိုက်ရိုက်ကုန်သွယ်ရာမှာတော့ ထိုသို့ မရတော့ကြောင်း သိရသည်။

ပုံ- Bank of China ဘဏ်ကိုတွေ့ရစဉ်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက“အခုကျ အဲ့လို မရတော့ဘူး။ ဦးတို့ တရုတ်ပြည်ကို ဆန်ရောင်းရင် ဒီပိုက်ဆံကို ICBC ရယ်၊ BOC ရယ်၊ Bank of china ရယ် ဒီ ၃ ခုမှာပဲ အကောင့်ဖွင့်ထားတဲ့ ဘဏ်ထဲကိုပဲ ထည့်လို့ရမယ်။ အခြားဘဏ်ထဲကို ထည့်လို့မရဘူး။ အဲ့ငွေကို ရလာပြီဆိုလို့ရှိရင်လည်း တရုတ်ပြည်ကနေ ဗမာပြည်ကို ပြန်သွင်းတဲ့လူတွေကို ရောင်းရင်ရောင်း၊ ရောင်းလို့မှ တစ်လအတွင်းမှာ မပြတ်ဘူးဆိုရင် ဗဟိုဘဏ် ပေါက်ဈေးအတိုင်း ဗဟိုဘဏ်ကို ရောင်း‌‌ပေးရ မယ်”ဟု CNI သို့ ပြောသည်။

ယခင် ဒေါ်လာဖြင့် ကုန်သွယ်မှုပြုရာတွင် ဒေါ်လာဈေး အတက်ကြမ်းခြင်း၊ အကျကြမ်းခြင်းတို့ကြောင့် လုပ်ကိုင်ရသည်မှာ အဆင်မပြေကြောင်း ကုန်သည်များက ပြောသည်။

လက်ရှိတွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ ကုန်သွယ်မှု ယွမ်သန်း ၂၀၀ ရှိကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - - - ယွမ်ငွေအကောင့် ဖွင့်ခွင့်ရပြီး ယွမ်/ကျပ် ကုန်သွယ်မှု မကြာခင်စတင်နိုင်