CNI News

၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁၂

ပြည်ပမှ ကြက်သွန်နီ တင်သွင်းအခွန်အား ဘင်္ဂလားဒေ့ရှ်ဘက်မှ တိုးမြှင့်ကောက်ခံလိုက်သည့်အတွက် မြန်မာဘက်မှ ကုန်သည်များ ထိခိုက်မှုရှိပြီး ကြက်သွန်နီတင်ပို့မှု ကျဆင်းလာနေကြောင်း ရခိုင်နယ်စပ်ကုန်သည်များထံက သိရသည်။

ယခင်က ဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်တင်ပို့ရာတွင် တစ်ကီလိုလျှင် ဘင်္ဂလားငွေ ၅ တာကာသာ အခွန်ပေးရသော်လည်း ယခု အခါမှာတော့ ၇ တာကာ အခွန်ကောက်ခံကြောင်း၊  ယခုလို တိုးမြှင့်ကောက်ခံရခြင်း၏ အကြောင်းအရင်းအား မသိရကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

ဦးတင်အောင်ဦးက “မြန်မာဘက်ကို သက်ရောက်မှုကတော့ ရှိတယ်။ လက်ရှိအခြေအနေကတော့ ကြက်သွန် ကုန်သည်တွေ ဆီကတဆင့် သိရတာက‌တော့ ဟိုဘက်မှာ ဈေးနည်းသွားတယ်ပေါ့လေ။ ဈေးကျသွားတယ်ပေါ့လေ။ တစ်ဖက်နိုင်ငံမှာလည်း ဈေးကျသွားတာဖြစ်တဲ့အတွက် ဒီဟာကတော့ လက်ရှိအချိန်မှာ ကြက်သွန်တင်ပို့မှုက နည်းနည်း‌လေး ကျဆင်းနေတဲ့ အနေ အထားရှိပါတယ်။ ပြီးခဲ့တဲ့ လထက်စာရင် ၅၀ ရာခိုင်နှုန်းလောက်တောင် ပြည့်မှီဖို့အတွက် တော်တော်လေး ကြိုးစားရမယ့် အခြေအနေမှာ ရှိပါတယ်။ ဈေးကောင်းမရတော့ ဒီဘက်ပို့တဲ့ ကုန်သည်တွေကလည်း ဈေးအဆင်မပြေဘူး‌ပေါ့လေ။ ကုန်သွယ် မှုကတော့ နည်းနည်းလေး ပြီးခဲ့တဲ့ လထက်စာရင်တော့ ကျဆင်းနေတယ်ဆိုတဲ့ အနေအထားကိုတော့ တွေ့နေရပါတယ်” ဟု CNI သို့ ပြောသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့သည့် ကြက်သွန်ဈေးမှာ ပြီးခဲ့သည့် နှစ်ပတ်ခန့်ကတည်းက ‌ဈေးကျနေကြောင်း သိရသည်။

ပုံ- ကညင်ချောင်း စီးပွားရေးဇုန်ကိုတွေ့ရစဉ်။

ရခိုင်ပြည်နယ် ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်နှင့် ကြက်သွန် အဓိကတင်ပို့ပြီး အခြား မီးဖို ချောင်သုံး ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ ဦးအောင်စံသိန်းက “အခုက ကြက်သွန်စီးဆင်းမှုက နည်းတယ်နော်။ အခုသွားနေတာက ငါးမြစ်ချင်းရယ်၊ နောက် ငါးခြောက်။ ဈေးက အကျိုးအမြတ်မရှိရင် သူက ဘယ်တင်ပို့မလည်းလေနော်။ အဓိကက ကြက်သွန်တို့ ဘာတို့ဆိုတာကလည်း ကုန်တင်ပို့မှုက များတယ်လေ။ နောက် အခုက ငါးခြောက်တို့ ကွမ်းသီးတို့၊ ကွမ်းသီးတို့ ဘာတို့ဆိုတာက ကြက်သွန်လို ပစ္စည်းတွေက မပေါဘူးလေ”ဟု CNI သို့ ပြောသည်။

ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ ယခုနှစ် ပို့ကုန်တင်ပို့မှု တန်ဖိုးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထက် ထက်ဝက် ကျော် လျော့ကျကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၂ သန်း ကျော် ရှိခဲ့ရာမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ရှိသည်။

ပုံ-ကြက်သွန်နီများ ကုန်သယ်နေကြစဉ်။

ထို့အတူ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်ရှိခဲ့သော် လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ဒေါ်လာ ၄ သန်းကျော်သာရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးတင်အောင်ဦးက “လက်ရှိမှာတော့ ကျနော်တို့ ကုန်သည် အသင်းအနေနဲ့ကတော့ ပို့ကုန်တွေ မကျဆင်းရအောင်လို့တော့ သက်ဆိုင်ရာတွေကို ကျနော်တို့က တင်ပြသွားဖို့ ရှိပါတယ်။ သက်ဆိုင်ရာဆိုတာက စစ်တွေမှာဆိုရင်လည်း ဘင်္ဂလားဒေ့ရှ်ရဲ့ ကောင်စစ်ဝန်တွေရှိတယ်။ တရားဝင် စာသာမပို့ ဖြစ် သေးတာပါ။ နှုတ်အားဖြင့် မေးထားတာရှိပါတယ်။ သူ့ဘက်ကလည်း ကျနော်တို့ကို အကြောင်းတော့ လောလောဆယ် မပြောသေးဘူး။ ဘာကြောင့် အခွန်အခတွေ တိုးသွားတယ်။ ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတဲ့ ဟာလေးတွေလည်း ကျနော် တို့ မေးထားတာတွေ ရှိပါတယ်။ အဲ့က အဖြေ‌‌ပေါ် မူတည်ပြီးမှပဲ ဒီဘက်က ကုန်သည်တွေနဲ့ ဘာဆက်လုပ်သင့်တယ်၊ ဘယ်လို များ ကုန်သွယ်မှုတွေ လုပ်သင့်တယ်၊ ကုန်သွယ်မှုတွေ မကျဆင်းရ‌အောင် ဘယ်လိုလုပ်သွားမယ်ဆိုတဲ့ အစီမံလေးတွေကတော့ ထပ်ပြီးတော့ ညှိနှိုင်းရဦးမှာပါ”ဟု CNI သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်သွယ်ရေးစခန်းများမှာ စစ်တွေနယ်စပ် ကုန်သွယ် ရေး စခန်း၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ကညင်ချောင်းစီးပွားရေးဇုန်တို့ ဖြစ်သည်။