CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂

ပြည်တွင်းဒေါ်လာလိုအပ်ချက်ကြောင့် ပြည်ပမှ ကားအသစ် တင်သွင်းခွင့်ပါမစ်များကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ က ရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် ကားတင်သွင်းခွင့်မူဝါဒ ထွက်ရှိလာသော်လည်း ကားအရောင်းစင်တာများကို တော့  ခွင့်ပြုပေးထားခြင်း မရှိကြောင်း သိရသည်။

ယင်းကြောင့် ကားအရောင်းစင်တာများ ပိတ်ရမည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်ကြောင်း မြန်မာနိုင်ငံ မော်တော် ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက CNI သတင်း ဌာနသို့ ပြောသည်။

“ကား Showroom မှာ နှစ်မျိုးရှိတယ်။ ကားရောင်းတဲ့နေရာမှာ ကားအရောင်းပြခန်းဆိုပြီး Brand New ကားတွေ ပေါ့နော် Toyota တို့ဘာတို့ပေါ့ အဲဒါတွေက တစ်ခုပေါ့။ USE ကားတွေ တင်သွင်းတဲ့ အရောင်းစင်တာ ဆိုပြီး တစ်ခု ပေါ့။ အခုလောလောဆယ် အရောင်းစင်တာကိုတော့ ဘာမှ တင်သွင်းခွင့် မပြုဘူးပေါ့နော်။ အရောင်းစင်တာ အများစုကတော့ လောလောဆယ် ပိတ်ရမယ့် အနေအထားတော့ ကျနော်တို့ မြင်ထားပါတယ်” ဟု သူက ပြော သည်။

ဒါ့အပြင် Brand New Car Showroom (ကားအရောင်းပြခန်း) များကို ပါမစ်ခွင့်ပြုပေးဖို့ လုပ်ဆောင်နေပြီး ယခင်က တစ်ကြိမ်တင်သွင်းလျှင် အစီးရေ ၂၀၀ သတ်မှတ်ထားသော်လည်း လက်ရှိတွင် အစီးရေ ၂၀ နှုန်းဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကားတင်သွင်းခွင့် မူဝါဒ ကန့်သတ်ချက်များသည် ပြည်တွင်းတွင် ပြန်လည်တပ်ဆင်ထုတ်လုပ်နေသည့် SKD ကားများကို အားပေးသည့်သဘော သက်ရောက်နေကြောင်း ကားလုပ်ငန်းရှင်တချို့က သုံးသပ်ကြသည်။

MMM ကားအရောင်းစင်တာမှ ဦးမင်းမင်းမောင်က “ပြည်တွင်း SKD ကားကို အားပေးတာက တစ်စိတ်တစ်ပိုင်း တစ်ခုပေါ့။ ဒါက ပြည်တွင်း SKD ပဲ အကုန်လုံး အားပေးလို့ မအောင် မြင်နိုင်ဘူးလေ။ အပြိုင်အဆိုင်ရှိမှ ပြည်တွင်း SKD က ပြိုင်ဆိုင်မှု ပြင်းထန်မှာလေ။ သူ့ချည်းပဲ လွှတ်လိုက်လို့ သူကလည်း SKD ကား ထုတ်လုပ်တဲ့သူက အကျိုးအမြတ် တအားရနေရင် မျှတတဲ့ ယှဉ်ပြိုင်မှု မဟုတ်ဘူးလေ။ SKD ထုတ်လုပ်တဲ့ ကားဈေးနှုန်းနဲ့ Import သွင်းတဲ့ ကားဈေးနှုန်းတွေ တူညီနေပြီဆိုရင် အရည်အသွေးမှ မတူတဲ့ကိစ္စကို အစ်ကိုထင်တာတော့ အပြိုင်အဆိုင်လေး လွှတ်ပေးဖို့တော့ အရေးကြီးတယ် ထင်တာပဲ။ မြန်မာပြည်မှာ SKD အားစိုက်လုပ်ဖို့ဆိုတာက အကုန်လုံး ပိတ်ဖို့မလိုဘူး။ Brand New ဖွင့်ပေးနိုင်ရင် SKD က ယှဉ်ရောင်းလို့ မရဘူး။ သူ့အစိတ်အပိုင်းနဲ့သူပဲ အစ်ကိုမြင်တာတော့။ အဟောင်းကို ပိတ်တာတော့ နည်းနည်းလေး အဓိပ္ပါယ်ရှိသေးတယ်။ အသစ်ကို ပိတ်တာ၊ အဟောင်းရော အသစ်ရော ပိတ်တာက SKD နဲ့ တိုက်ရိုက် အချိုးမကျဘူးလို့ ထင်တာပဲ” ဟု CNI သို့ ပြောသည်။

လက်ရှိတွင် လုပ်ငန်းသုံးကားများကိုသာ တင်သွင်းခွင့်ပြုထားပြီး တစ်ပတ်လျှင် ၅ စီးနှုန်းဖြင့် တင်သွင်းခွင့်ပြုထား ကြောင်း သိရသည်။