၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်အတွင်း နွေစပါးစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းမှု ရှိသော်လည်း ရေလုံလောက်စွာ မရရှိခြင်းကြောင့် နွေစပါး စိုက်ပျိုးမှုများ နည်းပါးလာနေကြောင်း ရခိုင်တောင်သူများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် နွေစပါးစိုက်ပျိုးမှု နည်းပါးခြင်းသည် လိုအပ်သည့် ရေများကို ဆည်မြောင်းများနှင့် မြစ်ရေဆည်များမှ မရရှိခြင်းကြောင့်ဟု တောင်သူလယ်သမားတစ်ဦးဖြစ်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ရခိုင်ပြည်ဘက်မှာတော့ နွေစပါး တအားစိုက်ချင်ကြတာ။ ကျနော်တို့ နွေစပါး စိုက်ချင်ပေမယ့်လည်း စပါး စိုက်ရအောင်က ဆည်မြောင်းတာတမံလည်း မရှိဘူး။ ခေတ်အဆက်အဆက် အစိုးရတွေကလည်း လုပ်ပေးတာ မရှိဘူး။ နောက်ပြီးတော့မှ ရှိတဲ့ဆည်မြောင်း တာတမံဆိုရင်လည်း အောင်မြင်တဲ့အဆင့်ကို မရှိဘူး။ မြစ်ရေစီမံကိန်းတွေလည်း နာမည် လောက်ပဲ ရှိတာ။ တကယ်တမ်း ထွန်းထွန်းပေါက်ပေါက် သုံးလို့ရတာ မရှိဘူး။ ကျနော် ၂၀၁၈ ခုနှစ်ကတော့ ကျနော် စိုက် တယ်ဗျ။ စိုက်ပေမယ့် ကျနော် ဧက ၁၀၀ - ၁၅၀ လောက် စိုက်တာ အောင်မြင်ပါတယ်။ ကျနော်တို့ ရခိုင်ဒေသမှာ နွေစပါးစိုက် လို့ အောင်မြင်တယ်။ ဒါပေမယ့် ကျနော်တို့မှာ ဆည်မြောင်း တာတမံ မရှိဘူး။ နောက်ပြီးတော့ မြစ်ရေဆည်တွေ မရှိဘူး။ အဲဒီ တော့ နွေစပါးစိုက်ပျိုးလို့ရအောင်ထိ ခေတ်အဆက်ဆက် အစိုးရတွေက ဘာမှမလုပ်ပေးတော့ ကျနော်တို့ တောင်သူတွေက လည်း တစ်ဦးတစ်ယောက်တည်း လုပ်လို့ရတဲ့ ပုံစံမဟုတ်တော့ မစိုက်ကြဘူးဗျ”ဟု ပြောသည်။

နွေစပါးစိုက်ပျိုးရန် လယ်ထွန်းယက်နေစဉ်။

ရခိုင်ပြည်နယ်တွင် စပါးစိုက်ဧက ၈ သိန်းခွဲရှိပြီး နွေစပါးကို ကျောက်တော်၊ သံတွဲ၊ မင်းပြား၊ မြောက်ဦး စသည့် မြို့နယ်များ တွင် စိုက်ပျိုးကြကြောင်း၊ နွေစပါးကို တောင်သူများက စီးပွားဖြစ် စိုက်ပျိုးလေ့ရှိကြောင်း၊ သို့သော် ယခုနှစ်တွင် ရေမလုံ လောက်မှုကြောင့် စိုက်ပျိုးမှု နည်းပါးနေကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ် သမားသမဂ္ဂထံမှ သိရသည်။

စိုက်ဧက ၁၀၀၀၀၀(တစ်သိန်း)ကျော်ရှိသည့် ကျောက်တော်ဒေသတွင် နွေစပါးကို ပြီးခဲ့သည့်နှစ်က ဧက ၃၀၀၀ ကျော် စိုက်ပျိုးသော်လည်း ယခုနှစ်၌ ဧက ၅၀၀ ကျော်သာ စိုက်ပျိုးကြကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကကတော့ နွေစပါးကတော့ စားသုံးဖို့ ဖူလုံရေးအတွက်ကတော့ အဓိကမကျဘူးလို့ ပြောလို့ရတယ်။ စီးပွားရေး အတွက်ပဲ စိုက်ကြတာများတယ် ရှိတဲ့သူတွေက။ တောင်သူကြီးတွေကတော့ စိုက်ကြတာပေါ့ နွေစပါးကိုကျတော့လေ။ မနှစ် ကထက် တော်တော် လျော့ကျသွားတယ်။ ကျောက်တော်ဒေသမှာ ဧက ၅၀၀ နဲ့ ၁၀၀၀ ကြားမှာပဲ ရှိလိမ့်မယ်။ ခါတိုင်းနှစ် ဆို ရင်တော့ ၃၅၀၀ နဲ့ ၅၀၀၀ အထိ ရှိတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် သိုင်းချောင်း ရေလှောင်တမံ၊ ငပလီ ရေလှောင်တမံ၊ ခမီးကြိမ်ချောင်း ရေလှောင်တမံ အပါအဝင် ဆည်နှင့် ရေလှောင်တမံ ၁၀ ခုကျော်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

 

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  ၂၀၂၁ ခုနှစ် စပါးဈေး ကြမ်းခင်းသတ်မှတ်ချက် လယ်သမားများအတွက် ထိခိုက်နိုင်

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  ရခိုင်တွင် စပါးစိုက်ဧက ပုံမှန်ရှိသော်လည်း စပါးထွက်နှုန်း လျော့ကျနေ

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  စပါးတင်း ၁၀၀ ကို သတ်မှတ်အခြေခံရည်ညွှန်းဈေးနှုန်းထက် ပိုမိုရရှိနေ

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  ပြည်ပသို့ စပါးတင်ပို့ရောင်းချမှုကို အားမပေးဟု နစကပြော

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  တောင်သူများ စပါးစိုက်စရိတ် မကာမိဘဲ အရှုံးဖြင့် ရင်ဆိုင်နေရ