၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄

မိုးစပါးကုန်ဆုံးသည့်အချိန် ဖြစ်သည့်အတွက် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု လျော့ကျနေပြီး ပြည်ပသို့ တင်ပို့နေသည့် ဆန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

နိုင်ငံခြားသို့ တင်ပို့မည့် ဆန်လိုအပ်ချက်ကြောင့် ပို့ကုန်လုပ်ငန်းရှင်များက ပြန်လည်ဝယ်ယူလာသည့်အတွက် ဆန်ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“ဆန်က နွေစပါး မပေါ်သေးဘူး။ မိုးစပါးက ကုန်နေပြီပေါ့နော်။ ကုန်ပြီဆိုတော့ လယ်ကွက်ထဲ တောင်သူလက်ထဲ တွေ မရှိတော့ဘူး။ စက်ပိုင်နဲ့ကုန်သည်ကြီးတွေ လက်ထဲတော့ ရှိတာပေါ့လေ။ သူတို့ကတော့ သိမ်းထားတဲ့ဈေးနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံထားတာနဲ့ဆိုတော့ ဈေးလိုချင်လို့ ဆောင်ကြတာပေါ့။ ဆန်ရောင်းထားတဲ့သူတွေက ဈေး လိုအပ်ချက်ရှိလို့ ပြန်တိုးဝယ်တယ်ပေါ့နော်။ အရင်ဈေးထက်စာရင် အခု ပြီးခဲ့တဲ့လထက်စာရင် တစ်အိတ်ကို ၅၀၀ - ၁၀၀၀ လောက် ပြန်တက်လာတယ်။ အခု ၂၅ မတ်ဆန် ကုန်ကြမ်းတစ်အိတ်ကို အရင် ၂၃၀၀၀ အခု ၂၄၀၀၀ နား ကပ်လာတယ်ပေါ့နော်။ အဲလိုမျိုး ဆန်က အဝင်ပါးပြီးတော့ လှောင်ထားသိမ်းထားတဲ့လူတွေ လက်ထဲကနေ ပြန်တောင်းဝယ်ယူရတဲ့အခါကျတော့ သူတို့လိုချင်တဲ့ ဈေးတန်းတစ်ခု ဖွင့်ပေးမှပစ္စည်းရတာပေါ့” ဟု သူက ပြောသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ယခင် တစ်ရက်လျှင် အိတ်ရေ တစ်သိန်းနီးပါး ပုံမှန်ဝင်ရောက်သော်လည်း လက်ရှိတွင် အိတ်ရေ သုံးသောင်းကျော်လောက်သာ ဝင်ရောက်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတကာသို့ ဆန်တင်ပို့ရာတွင်လည်း လက်ရှိအချိန်သည် မိုးစပါးများ ကုန်နေသည့်အချိန် ဖြစ်ခြင်း ကြောင့် နွေစပါး မပေါ်ခင်အချိန်ထိ ကုန်သည်များအတွက် ဆန်ဝယ်ယူရ ခက်ခဲနေကြောင်း သိရသည်။

နိုင်ငံတကာဈေးကွက်သို့ ဆန်ရောင်းချထားမှုများ ရှိနေခြင်းနှင့် နိုင်ငံခြားသုံးငွေဈေးနှုန်း မြင့်မားနေခြင်းကြောင့် မတ်လတွင် ထွက်ပေါ်လာမည့် နွေစပါးများ ဈေးနှုန်းကောင်းမွန်နိုင်ကြောင်း ဦးသန်းဦးက ဆက်ပြောသည်။

“အခုက လက်ရှိအနေအထားကတော့ ဆန်က ဘယ်လိုပြောရမလဲ ငွေဈေးတွေကလည်း နည်းနည်း မြင့်သွား တယ်လေ။ နောက် နိုင်ငံတကာဈေးကွက်ကို ရောင်းထားတော့ ဝယ်လိုအားတွေ ရှိတယ်ပေါ့။ အဲဒီတော့ ဘာပဲ ပြောပြော လက်ရှိပေါက်ဈေးနဲ့တော့ အမြင့်ဘက်ကို သွားနေတယ်။ နွေစပါး မစိုက်တဲ့သူကတော့ မစိုက်နိုင်လို့ မစိုက်ဘူးပေါ့နော်။ စိုက်နိုင်တဲ့သူကတော့ အကျိုးရှိမယ် ထင်တာပဲ။ ဒီနှစ်က ဆန်ဈေးတွေ ပြည်တွင်းဈေးတော့ ပြောတာမဟုတ်ဘူးပေါ့လေ နိုင်ငံခြားကို တင်ပို့တဲ့ ကုန်ကြမ်းရောင်းတဲ့ ဈေးကွက်ကတော့ အရင်နှစ်တွေထက် စာရင် အများကြီး ပိုရနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒေါ်လာဈေးကလည်း ၁၉၀၀ ကျော် ဖြစ်နေတာကိုး။ အရင်တုန်းက ဈေးတွေနဲ့ဆိုတော့ အခု နိုင်ငံခြားကို ရောင်းတဲ့ဈေးနဲ့ မြှောက်လိုက်ရင် ပိုရတာပေါ့နော်။ စိုက်တဲ့သူအဖို့ကတော့ အကျိုးရှိနိုင်တယ်။ တင်ပို့တဲ့သူအဖို့ကတော့ ရောင်းတာတော့ ပုံမှန်ရောင်း နေတယ်။ ဒါပေမယ့် ဒီနှစ် ဆန်ရဲ့ ရောင်းလိုတဲ့အားက လျော့နည်းလာတာ တွေ့ရတယ်။ အခု ဒီ တစ်လပိုင်းမှာ တောင် တော်တော်နည်းနေပြီဆိုတော့ နောက်ထပ် နွေစပါး မပေါ်မချင်းမှာတော့ ဆန်နည်းနည်း ဝယ်ရခက်နိုင် တယ် အဲလိုမျိုးတော့ အခြေအနေ သုံးသပ်တယ်” ဟု ဆိုသည်။

နိုင်ငံတကာသို့ ဆန်တင်ပို့ရာတွင် ကုန်သေတ္တာငှားရမ်းခ ဈေးနှုန်းမြင့်တက်နေခြင်းနှင့် ကုန်သေတ္တာ အခက်အခဲ ကြောင့် သင်္ဘောများကို စင်းလုံးငှားရမ်း၍ ဆန်များကို သင်္ဘောဝမ်းဗိုက်ထဲသို့ လောင်းထည့်ကာ တင်ပို့နေရ ကြောင်း သိရသည်။